ရန်ကုန်မှာ လာမယ့်သီတင်းပတ်အထိ ဖောက်ခွဲမှုတွေလုပ်သွားမယ်လို့ Burma Dragon Army အဖွဲ့ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် ၊ အုပ်ချုပ်ရေးရုံးတွေအပြင် စစ်အုပ်စုရဲ့ထောက်တိုင်နေရာတွေကို ဇူလိုင် ၁၇ရက်နေ့အထိ ဖောက်ခွဲတိုက်ခိုက်သွားမယ်လို့ Burma Dragon Army B.D.A အဖွဲ့က ထုတ်ပြန်ပါတယ်။
အခုလိုဖောက်ခွဲတိုက်ခိုက်နေတာကို Burma Dragon Army B.D.A အဖွဲ့အနေနဲ့ ဇူလိုင် ၁၀ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Burma Dragon Army B.D.A အဖွဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အများအပြားမှာ ဖောက်ခွဲတိုက်ခိုက်မှုတွေလုပ်ဆောင်သွားမှာဖြစ်တာကြောင့် အများပြည်သူအနေနဲ့ အကြမ်းဖက်စစ်တပ်၊ ရပ်ကွက်ရုံးတွေနဲ့အနီးနားကနေ သွားလာနေထိုင်တာတွေ မလုပ်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ကင်းစခန်းတွေ၊ စစ်အုပ်စုရဲ့ ထောက်တိုင်အဖြစ် လုပ်ကိုင်နေတဲ့ ရပ်ကွက်ရုံးတွေကို တိုက်ခိုက်ရာမှာ အများပြည်သူကို ငဲ့ကွက်ခဲ့ရတာကြောင့် Mission အချို့ကို ဖျက်ခဲ့ရတာမျိုးတွေရှိခဲ့တယ်လို့လည်း အဖွဲ့တွေက​ ဆိုပါတယ်။
ရန်ကုန်မြို့တွင်းမှာ အောင်မင်္ဂလာစစ်ဆင်ရေးနာမည်နဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေလုပ်နေတဲ့ God’s Hand Force (GHF) အဖွဲ့တာဝန်ရှိသူတစ်ဦးကတော့ “ပြည်သူတွေကိုတော့ စစ်ကောင်စီနဲ့ ပတ်သတ်တဲ့ နေရာ၊ ဌာနတွေ အနီးအပါးမှာ နေထိုင်သွားလာတာတွေ ပိုပြီး ဂရုစိုက် ဆင်ခြင်စေဖို့ တောင်းပန်ပါရစေ”လို့ ပြောပါတယ်။
ဇူလိုင် ၁၁ရက်နေ့ ညပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ်၊မရမ်းကုန်းမြို့နယ်၊တောင်ဥက္ကလာပ၊အင်းစိန်၊အရှေ့ဒဂုံနဲ့တောင်ဒဂုံမြို့နယ်တွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့သလို ဇူလိုင်၁၂ရက်မှာလည်း တာမွေမြို့နယ်၊လှိုင်သာယာမြို့နယ်နဲ့ စမ်းချောင်းမြို့နယ်တို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။