ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်အုပ်စုနဲ့ ဒေသခုခံကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ကလေးမြို့နယ်တောင်ပိုင်းမှာ မနေ့က ဇူလိုင်လ ၁၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခုခံကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပူးပေါင်းအဖွဲ့ဘက်က တစ်ဦးသေဆုံးပြီး၊ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကလေး PDF တပ်ရင်း (၂) က ရဲဘော်တစ်ဦးဆီက သိရပါတယ်။
“မနေ့ကတိုက်ပွဲ တအုန်းအုန်းကြားထဲ ကိုယ့်တပ်ရင်းကရဲဘော်တွေ အထိခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပေမဲ့ အခြားအဖွဲ့ရဲဘော်တစ်ဦးက အသက်ပေးလိုက်ရတယ်၊ နောက်တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရလို့ ကျွန်တော်တို့ ရအောင်ဆွဲထုတ်ခဲ့တယ်” လို့ ကလေး PDF တပ်ရင်း (၂) က ရဲဘော်တစ်ဦးက သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဆိုထားပါတယ်။
ဇူလိုင်လ ၁၁ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ ကလေးမြို့တောင်ပိုင်း၊ တောင်တစ်လုံးဘုရားအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကလေးဒေသခုခံကာကွယ်ရေပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး Rangers Kalay Defence Force က ရဲဘော်တစ်ဦးကျဆုံးခဲ့တာဖြစ်တယ်လို့လည်း ဒေသကာကွယ်ရေး အဖွဲ့တွေကို ထောက်ပို့လုပ်ဆောင်ပေးနေသူတစ်ဦးက ထပ်မံအတည်ပြု ပြောပါတယ်။
” RKDF က ရဲဘော်တစ်ယောက်ကျသွားတယ်။ ရဲဘော်လေးယောက် လက်နက်ကြီးကျည်စတွေ ထိထားတယ်။ အသက်အန္ဒရာယ်တော့မစိုးရိမ်ရဘူး။ တစ်ယောက်ကတော့ဆေးဝါးပစ္စည်းမလုံလောက်လို့ ကုသမှုအတွက် ခက်ခဲတာရှိတယ်” လို့ အဲ့ဒီထောက်ပို့ရဲဘော်ကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမူရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ မသိရသေးဘူးလို့ သူကပြောပါတယ်။
ဒီကနေ့ ဇူလိူင်လ ၁၂ ရက်၊ မနက်မှာတော့ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းဟာ ဟားခါးလေးဘက်ကနေ ချင်းတောင်ခြေရင်းအတိုင်း ကလေးဘက်ကို စစ်ကြောင်းထွက်လာပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အသံတွေ ကြားနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။