ဟေတီနိုင်ငံမှာ ဂိုဏ်းအဖွဲ့တွေ အကြမ်းဖက်မှုကြောင့် လူ ၅၀ ကျော် သေဆုံး

Photo – AP

ဟေတီမြို့တော် ပေါ်အော်-ပရင့်စ်အနီးမှာ ဇူလိုင်လ ၈ရက်နေ့ကတည်းက ပြိုင်ဘက်ဂိုဏ်းတွေအကြား သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံမြို့တော်ဝန်တစ်ဦးက ဇူလိုင်လ ၁၁ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

“ပစ်ခတ်မှုဖြစ်နေတဲ့အချိန်မှာ လူတွေက ပုန်းနေကြရတယ်၊ ကျည်ဆန်တွေက သူတို့ရဲ့ ခေါင်းပေါ်ကို ဖြတ်ပစ်နေတာ၊ အဲဒီမှာ ထွက်ပြေးဖို့ ကြိုးစားတဲ့လူတွေက ကျည်ဆံတွေထိပြီး သေဆုံးကုန်တာ” လို့ မြို့တော်ဝန် Joel Janeus က ပြောဆိုထားပါတယ်။

လွန်ခဲ့တဲ့နှစ်က သမ္မတ Jovenel Moise လုပ်ကြံသတ်ဖြတ်ခံရပြီးကတည်းက အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးလစ်ဟာမှုတွေကို ဖန်တီးပြီး ရာဇ၀တ်ဂိုဏ်းတွေအနေနဲ့ နိုင်ငံရဲ့နယ်မြေထဲမှာ သူတို့ရဲ့ ထိန်းချုပ်နိုင်စွမ်းကို ချဲ့ထွင်ဖို့ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ပြန်ပေးဆွဲမှုတွေတိုးပွားလာခဲ့တာဖြစ်ပြီး အခုအခါ နိုင်ငံအနှံ့မှာ ဂိုဏ်းတွေက အုပ်ချုပ်နေကြတယ်လို့ သိရပါတယ်။

နိုင်ငံရဲ့တရားရေးအာဏာပိုင်တွေက  သမ္မတရဲ့လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ဘယ်သူ့ကိုမှ စွဲချက်တင်ထားတာ မရှိသေးပေမယ့် သမ္မတ Moise လုပ်ကြံသတ်ဖြတ်ခံရတဲ့နှစ်ပတ်လည်နေ့ကို ဇူလိုင်လ ၇ရက်နေ့မှာ အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း ပြိုင်ဘက်ဂိုဏ်းအဖွဲ့နှစ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွားမှုတွေကြောင့် လူ ၁၄၈ ဦး သေဆုံးခဲ့ပြီး တက်ကြွလှုပ်ရှားသူများက ပြောဆိုထားပါတယ်။