ထိုင်းဘက်က မြန်မာစစ်တပ်ကို လျော်ကြေးတောင်းတဲ့ ကိစ္စ သတင်းထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေး

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက မြန်မာစစ်တပ် တိုက်လေယာဉ်တစီး ထိုင်းလေပိုင်နက်ထဲအထိ ဝင်ရောက်ပျံသန်းခဲ့တာနဲ့ ပတ်သက်လို့ ထိုင်းစစ်တပ်က မြန်မာစစ်တပ်ဆီမှာ လျော်ကြေးတောင်းတယ်ဆိုပြီး ဘန်ကောက်ပို့စ် သတင်းဌာနကို ကိုးကားတဲ့ သတင်းတွေ ဒီကနေ့ မနက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။
DNA ရဲ့ စုံစမ်းစစ်ဆေးမှုအရ ဘန်ကောက်ပို့စ် သတင်းဌာနမှာလည်း လျော်ကြေးတောင်းတယ်ဆိုတဲ့အကြောင်း ဖော်ပြထားတာ မတွေ့ရသလို ထိုင်း – မြန်မာ နယ်စပ်အရေး ရေးသားနေတဲ့ ထိုင်းသတင်းစာဆရာတဦးကလည်း ဒီနေ့မနက်ပိုင်းအထိ အဲဒီသတင်းကို မကြားမိဘူးလို့ DNA ကို ပြောပါတယ်။
ဒါ့အပြင် ဒီနေ့ မနက်ပိုင်းအထိ အဲဒီသတင်းကို ထိုင်းမီဒီယာတွေမှာရေးသားထားတာကို မတွေ့ဘူးလို့ ဘန်ကောက်မြို့နေ မြန်မာနိုင်ငံသားတဦးကလည်း ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး အကြံပေး ဦးအောင်ကျော်မိုးကလည်း ဘန်ကောက်ပို့စ် သတင်းဌာနမှာ ဒီသတင်းကို မတွေ့မိကြောင်း ပြောပါတယ်။
ဒါပေမယ့် ကရင်တိုင်းရင်းသားတွေကို တိုက်ခိုက်ဖို့ မြန်မာအာဏာသိမ်း စစ်အုပ်စုတပ်တွေကို ထိုင်းဝန်ကြီးချုပ်အနေနဲ့ ထိုင်းပိုင်နက်ထဲ ခြေချခွင့်ပေးထားလားဆိုပြီး ထိုင်းလွှတ်တော်အမတ်တစ်ဦးက လွှတ်တော်မှာ မေးမြန်းခဲ့တာကိုတော့ သူ့အနေနဲ့ ကြားသိခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုတပ်စခန်းတခုဖြစ်တဲ့ ဥကရိထ စစ်စခန်းကို KNLA/KNDO ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်တဲ့ တိုက်ပွဲမှာ စစ်အုပ်စုက လေကြောင်းပစ်ကူသုံးချိန် စစ်တပ်တိုက်လေယာဉ်တစီးဟာ နယ်စပ်ကိုကျော်လွန်ပြီး ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။