စစ်အုပ်စုကျင်းပဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲ လုံး၀အသိအမှတ်မပြု လက်မခံကြောင်း NLD ကြေညာ

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း‌ပြီး စစ်အုပ်စုက ထပ်မံ ကျင်းပဖို့ ကြိုးစားတဲ့ရွေးကောက်ပွဲဟာ တရားဝင်မှာမဟုတ်ဘဲ ဥပဒေနှင့်မညီကြောင်း NLD အနေဖြင့် လုံး၀ လက်ခံမှာ မဟုတ်ကြောင်း ဒီနေ့ ဇူလိုင်လ ၉ ရက်နေ့ရက်စွဲနဲ့ တရားဝင် ကြေညာလိုက်ပါတယ်။
အာဏာသိမ်းအဓမ္မအာဏာရယူမှုဟာ သူတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပင် ညီညွတ်မှုမရှိတဲ့အပြင် နိုင်ငံတော်သမ္မတကသာဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုဟာ တရားမဝင်ဘူးလို့ ဆိုထားပါတယ်။
စစ်အုပ်စုလုပ်ဆောင်တဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ငန်းစဉ်တွေအားလုံး (ရွေးကောက်ပွဲအပါအဝင်) ဘယ်ဥပဒေ၊ ဘယ်လုပ်ထုံး လုပ်နည်းနဲ့မှ ညီညွတ်မှုမရှိတာကြောင့် အမျိုးသား ဒီမိုကရစီအဖွဲ့ချုပ်NLD အနေဖြင့် လုံးဝအသိအမှတ်မပြု လက်ခံမှာ မဟုတ်ကြောင်း ကြေညာလိုက်တာပါ။
၂၀၂၀ ပြည့်အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီ အနေဖြင့် မဲဆန္ဒနယ် (၁၁၇၁) ခုမှာ (၁၁၁၇) အထိ အနိုင်ရရှိခဲ့တဲ့အတွက် အတွက် မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် (၉၂၀)ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ ကိုဗစ်၁၉ ကပ်ရောဂါကိုရင်ဆိုင်ပြီး မိမိတို့ဆန္ဒကို ရဲရင့်စွန့်စား ဖေါ်ထုတ်ခဲ့ကြ သလို၊နိုင်ငံတကာသံတမန်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက်အဖွဲ့အစည်းတွေကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုထားကြောင်း NLD ကြေညာချက်ကထည့်သွင်းဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်တစ်စုက ပြည်သူ့ဆန္ဒကိုလစ်လျူရှု အဓမ္မအာဏာသိမ်းပြီး ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်မှုကြောင့် ပြည်သူတစ်ရပ်လုံး စစ်အုပ်စုကိုဆန့်ကျင်တော်လှန်မှုတွေ နိုင်ငံတစ်ဝှမ်းပေါ်ပေါက် ပြီး တိုင်းပြည်အခြေအနေမှာ ဆိုးဝါးလှသောအခြေအနေသို့ ရောက်ရှိနေပါတယ်။
ဒီလိုကာလမှာ စစ်အုပ်စုဟာ ပြည်သူလူထု နဲ့ နိုင်ငံတကာကိုလှည့်စားဖို့ နောက်ထပ်ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ ကြံစည် အားထုတ်နေကြောင်း NLD က ထုတ်ပြန်ထားပါတယ်။