တမူးနယ်စပ်မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးကိုသတ်ဖြတ်သူတွေဟာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေလို့ ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့တဲ့ တမူးဒေသခံ စော်ဘွားရပ်ကွက်သား တဦးက DNA ကို ပြောပါတယ်။
ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရတဲ့ သူကတော့ နာမည်နဲ့တကွ DNA ကိုဖြေခဲ့ပေမယ့်၊ ကျင့်ဝတ်အရ သတင်းရေးသားရာမှာ နာမည်တွေကို ဖေါ်ပြမှာ မဟုတ်ပေမယ့် သူတို့တွေဟာ ပျုစောထီးတွေ ဖြစ်ကြောင်း တခြားမြို့ခံသတင်းရင်းမြစ်တွေဆီကလည်း အတည်ပြုမှု ရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိူင်လ ၅ ရက်နေ့က တမူးမြို့၊ စော်ဘွားရပ်ကွက်ကို ဆိုင်ကယ်စီးနင်းရောက်ရှိလာတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် P. MOHAN နဲ့ အသက် ၃၅ နှစ်အရွယ် M. Iyarnar တို့ဟာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာပါ။
သူတို့နှစ်ယောက်ကို ပျူစောထီးအဖွဲ့ဝင်တွေက ဘာကြောင့်အခုလိုသတ်ဖြတ်တယ်ဆိုတာ မသိရသေးပေမယ့် ဒေသခံတွေကတော့ ငွေပေး၊ ငွေယူကိစ္စနဲ့ပတ်သက်ပြီး ပြေလည်မှုမရှိတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
လက်ရှိမှာ အိန္ဒိယနိုင်ငံသားနှစ်ဦးသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်မြို့တွေဖြစ်တဲ့ တမူးနဲ့မိုးရေးမြို့မှာ ပဋိပက္ခဖြစ်ပွားနိုင်တဲ့အထိ တင်းမာမှုတွေဖြစ်လာတာကြောင့် နယ်စပ်ဝင်ရောက်ဖြတ်ကျော်မှုကို ပိတ်ပင်ထားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
အခုလို အိန္ဒိယနိုင်ငံသားနှစ်ဦးသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ဒေသကာကွယ်ရေးအဖွဲ့(PDF)အချို့ကလည်း ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။