မြောက်ကိုရီးယား ဟက်ကာတွေက ဆေးရုံနဲ့ကျန်းမာရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားနေတယ်လို့ အမေရိကန်ပြော

Photo – UPI

မြောက်ကိုရီးယားကျောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေဟာ အမေရိကန်နိုင်ငံရှိ ဆေးရုံတွေနဲ့ တခြားကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့  အဖွဲ့အစည်းတွေကို ransomware ဗိုင်းရပ်နဲ့ တိုက်ခိုက်နေတယ်လို့  FBI ကသတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယား ဟက်ကာသမားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍကို အနည်းဆုံး ၂၀၂၁ ခုနှစ် မေလကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး  “Maui” ransomware ကို အသုံးပြုနေခဲ့တယ်လို့ ဇူလိုင်လ ၆ရက်နေ့က ထုတ်ပြန်ခဲ့တဲ့အကြံပေးချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလိုတိုက်ခိုက်ခံရပြီဆိုရင် ဆာဗာထဲဝင်ခွင့်ရဖို့ ဟက်ကာတွေက အခကြေးငွေပေးဆောင်ဖို့ အကြပ်ကိုင် တောင်းဆိုနိုင်တယ်လို့ သိရပါတယ်။

“မြောက်ကိုရီးယားကထောက်ပံ့ထားတဲ့ ဆိုက်ဘာသမားတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေက သူတို့ကို အခကြေးငွေ ပေးနိုင်တယ်လို့ ယူဆကြတယ် ၊ ဘာကြောင့်လဲဆိုတော့ အဲဒီအဖွဲ့အစည်းတွေက အရေးကြီးတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေရလို့ပါ” လို့ အကြံပေးအဖွဲ့က ပြောပါတယ်။

မြောက်ကိုရီးယားဟက်ကာတွေဟာ အခုနှစ်အတွင်းမှာ  သတင်းမီဒီယာ ၊  IT နဲ့ စစ်ရေးနည်းပညာ နယ်ပယ်တွေမှာ အမေရိကန်ကုမ္ပဏီတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ပြီးခဲတဲ့လကလည်း ဘော်စတွန်ကလေးဆေးရုံရဲ့ ကွန်ပျူတာကွန်ရက်ကို တိုက်ခိုက်ဖို့  ကြိုးပမ်းခဲ့တဲ့ အီရန်အစိုးရက ထောက်ပံ့ထားတဲ့ ဟက်ကာတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ FBI ညွှန်ကြားရေးမှူး Christopher Wray က ပြောဆိုထားပါတယ်။