ဘိုကလေးမှာ ရပ်ကွက်တခု လူ ၆၀ နှုန်းနဲ့ ပြည်သူ့စစ်ဖွဲ့နေ

ဧရာဝတီတိုင်း ၊ ဘိုကလေးမြို့မှာ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး ပြည်သူ့စစ်အဖွဲ့ဝင် စာရင်းတွေ ကောက်ယူနေတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ် ။

“အုပ်ကြီးတွေက သူတို့ဘာသူတို့ စာရင်းလုပ်ပြီး လူစုနေတာ ၊ တချို့ဆို စာရင်းထဲမှာ ကိုယ်ပါလို့ ပါမှန်းတောင်မသိဘူး”လို့ ဆိုပါတယ် ။

ဧရာဝတီတိုင်းဟာ လက်ရှိအချိန်အထိ တော်လှန်ရေးမှာ ငြိမ်သက်နေပေမယ့် အကြမ်းဖက်စစ်ကောင်စီက နယ်မြေစိုးမိုး ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကျေးအဆင့်အုပ်ချုပ်ရေးကစပြီး ပြည်သူ့စစ်ဖွဲ့တာ ၊ စစ်သင်တန်းပေးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။

“အခုက စာရင်းပဲ ပေးထားတာ မို့လို့ ဘာမှ ပြသနာ မဖြစ်ကြသေးတာ ၊ သင်တန်းတွေဘာတွေ တကယ်ခေါ်တဲ့အခါကျရင် ပြသနာတက်မယ်ထင်တယ်”လို့ ဒေသခံက မှတ်ချက်ပေးပါတယ် ။

ဘိုကလေးမြို့ပေါ်မှာ အခုလို ပြည်သူ့စစ်စာရင်းကောက်ယူရာမှာ ကြံ့ဖွံ့ပါတီဝင် ၊ မဘသ နဲ့ ပျူစောထီးတွေကို အခြေခံပြီး စာရင်းတွေယူထားတာဖြစ်တယ်လို့လည်း ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ် ။