မသန်စွမ်း ချင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှုအပေါ် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ရှုံ့ချ

ဇွန်လ ၃၀ရက်နေ့က ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာနေ အသက် ၆၀ ခန့်ရှိ မသန်စွမ်း (ဆွံ့အ) အမျိုးသမီးတဦးကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုံချကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ဒီကနေ့ ဇူလိုင်လ ၇ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုဝင်တွေက ဗားလုံကျေးရွာနေ ဒေါ်တီလ်ကပ်(ပ်)ကို အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မသန်စွမ်း (ဆွံ့အ) အမျိုးသမီးကြီးတစ်ဦးကို သတ်ဖြတ်တာ အပါအဝင် ချင်းပြည်နယ်အနှံ့မှာ စစ်အုပ်စုတပ်ဖွဲ့တွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို သက်ဆိုင်ရာမြို့နယ်အသီးသီးမှ တာဝန်ရှိ အဖွဲ့အစည်းတွေက စနစ်တကျမှတ်တမ်းတင်ပြုစုထားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုတပ်ရဲ့ ချင်းပြည်နယ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူများအပေါ်လူမဆန်ရက်စက် ကြမ်းကြုတ်စွာ ပြုကျင့်နေတာတွေကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနဲ့ အခုလို ပြုကျင့်တာတွေအပေါ် ထိုက်သင့်တဲ့ တရားမျှတမှုရရှိနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။