နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် သီးခြားအချုပ်ထောင်ကနေ ရန်ကုန်မြို့ ၊ တက္ကသိုလ်ရိပ်သာလမ်း၊ အိမ်အမှတ် ၅၄ ကို မနေ့က ညပိုင်းက ပြန်လည်ပို့ဆောင်ထားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးဘူးလို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) ရဲ့ Press Secretary ကိုနေဘုန်းလတ်က DNA ကို ပြောပါတယ်။
“အကြမ်းဖက်စစ်ကောင်စီက သူတို့အကျပ်အတည်းတွေ့လာတဲ့အခါမှာ ဒီအကျပ်တည်းကို ကျော်လွှားနိုင်ဖို့၊ လွတ်မြောက်ဖို့ သူတို့နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားမှာပေါ့နော်၊ အဲဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတယ်ဆိုတာကလည်း နည်းလမ်းတခု ဖြစ်လာနိုင်တာပေါ့နော်။ အဲဒီတော့ ခုနကလိုမျိုး နေအိမ်ကို ပြန်ပို့တယ်ဆိုတဲ့ ဟာမျိုးတွေကို သတင်းတွေ လွှင့်နေတာလည်း ရှိတယ်။ ကြားလည်း ကြားနေရတယ်။ ဒါပေမယ့် သီးခြားတော့ အတည်မပြုနိုင်သေးဘူး”လို့ ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း ဇူလိုင် ၄ ရက်နေ့မှာတော့ နေပြည်တော်အိမ်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နေထိုင်သူတွေနဲ့ သူမရဲ့ အချစ်တော်ခွေးလေး တိုင်ချီတို အပါအဝင် ပစ္စည်းအချို့ကိုတော့ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော် တရားရေးအသိုင်းအဝန်းနဲ့ နီးစပ်သူတဦးကတော့ အခုလို ပြောပါတယ်။ “ခုထိတော့ခြံအမှတ် ၅၄ ကို အန်တီမရောက်သေးပါဘူး။ နောက်ပိုင်းတော့မသိပါဘူး။ ပြန်ပို့မဲ့သတင်းလည်းမကြားသေးပါဘူး။ အန်တီ ကျယ်ချုပ်နဲ့နေခဲ့တဲ့သူတွေနဲ့ ပစ္စည်းတွေပဲ ရောက်တာပါ” လို့ ဆိုပါတယ်။
ဇူလိုင်လထဲမှာ ကျရောက်မယ့် အာဇာနည်နေ့ အခမ်းအနား နီးကပ်လာတဲ့အတွက် အာဇာနည်တွေရဲ့ မိသားစုဝင်တွေ အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ပြီး လွမ်းသူ့ပန်းခြင်း ချခွင့်ပေးဖို့ ရန်ကုန်ကို ပြန်ပို့ထားတာလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ် ။
NUG ရဲ့ Press Secretary ကိုနေဘုန်းလတ်ကတော့ “အရင်စစ်ခေါင်းဆောင် အဆက်ဆက်ကလည်း ဒါမျိုးလုပ်နေကြပဲလေ ၊ သူတို့နိုင်ငံရေးအရ အကျပ်အတည်း တွေ့လာပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကြိုးစားတာတွေ ၊ ဓါတ်ပုံတွဲရိုက်ဖို့ ကြိုးစားတာတွေ ဒါမျိုးတွေ လုပ်လေ့ လုပ်ထရှိတယ်လို့”ပြောပါတယ်။
နေပြည်တော် တရားရေးနဲ့နီးစပ်သူတဦးကလည်း “ကျတော်တို့ဘက်ကတော့ ကောလဟာလ အနေနဲ့ အဲဒီသတင်းကိုမကြားမိဘူး။ ဟိုဘက်ကလူတွေက ဒီသတင်းစဖွတယ်ဆိုရင်တော့ ရည်ရွယ်ချက်တစ်ခုခုရှိမှာပေါ့” လို့ ဆိုပါတယ်။
တဖက်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွန်ခွန်းက ဇွန်လ ၂၇ ရက်က အကြမ်းဖက်စစ်ကောင်စီကို တောင်းဆိုထားသလို နိုင်ငံတကာအဝန်းအဝိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဖိအားပေးတောင်းဆိုထားတာတွေ ရှိနေပါတယ်။