မြန်မာ-အိန္ဒိယနယ်စပ်က တမူးမြို့မှာ အသတ်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးရဲ့ ရုပ်အလောင်းကို အကြမ်းဖက် စစ်အုပ်စုက ပြန်မပေးတာကြောင့် နှစ်နိုင်ငံတင်းမာမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“အလောင်းတွေက ခေါင်းကိုတေ့ပစ်ထားတာဆိုတော့ ရုပ်ကပျက်နေတာ။ အဲဒါကြောင့် မြန်မာဘက်က ပြန်မပေးချင်တာဖြစ်မယ်။ ပြန်ပေးလိုက်ရင် အလောင်းကိုမြင်ကြရင် ပိုဆိုးမယ်ထင်တယ်။ အခုမပေးတော့လည်း ပြသနာတက်နေတာပဲ” လို့ တမူးမြို့ခံတစ်ဦးကဆိုပါတယ်။
တမူးမြို့မှာ ဇူလိုင် ၅ရက်က လက်နက်ကိုင်အဖွဲ့တစ်ခုက အိန္ဒိယနိုင်ငံသား တလ်မီးလူမျိူး နှစ်ဦးပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။
ပစ်သတ်ခံရတဲ့ အိန္ဒိယနိုင်ငံသား တလ်မီးလူမျိုးနှစ်ဦးဟာ သုံးဘီးယာဥ်မောင်းသမားတွေဖြစ်ပြီး သူတို့နှစ်ဦးအသတ်ခံရပြီး ရုပ်အလောင်းပြန်မရတဲ့အတွက် မိုးရေးမြို့က တလ်မီးလူမျိုး သုံးဘီးမောင်းတဲ့သူတွေက အလောင်းပြန်ရရေးအတွက် ဒီကနေ ဇူလိုင် ၆ရက် မနက်ပိုင်းက တောင်းဆိုနေကြတာဖြစ်ပါတယ်။
မွန်းလွဲပိုင်းအချိန်အထိ ရုပ်အလောင်းတွေပြန်မရတာကြောင့် မိုးရေးမြို့က တလ်မီးလူမျိုး ယဥ်မောင်းတွေနဲ့ လူငယ်အချို့ဟာ မြန်မာနိုင်ငံဘက်ကိုဝင်ရောက်လာပြီး ရဲကင်းကိုမီးရိူ့တာ၊ နယ်စပ်က လ္ဘက်ရည်ဆိုင်ကိုခဲနဲ့ပေါက်တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင်တောင်းဆိုသူ အချို့ဟာ ခဲနဲ့ပေါက်တာတွေလုပ်ဆောင်တာကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ချို့လည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
” အုပ်စုလိုက်ဝင်လာတာ။ မြန်မာဘက်က စစ်တပ်ကလည်း သေနတ်ပစ်ဖောက်တာပဲလုပ်နိုင်တယ်။ ပစ်လိုက်ရင်ပိုဆိုးကုန်မှာ။ မြန်မာနိုင်ငံထဲအထိဝင်ပြီး ဆန္ဒပြမှာလို့တောင်ကြားတယ်။ သူတို့ဆန္ဒလာပြလို့ တစ်ယောက်ယောက်ကသာ ခဲနဲ့ပေါက်တာမျိုးလုပ်လို့ကတော့ အကုန်ရှုပ်ကုန်မှာဗျ။ “လို့ တမူးမြို့ခံလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
လက်ရှိမှာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံစစ်တပ်တွေဆွေးနွေးမူတွေလုပ်နေပြီး ဘာတွေဆွေးနွေးနေတယ်ဆိုတာ မသိရသေးသလို နှစ်ဘက်အခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။