ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံနဲ့လွယ်ပတာကျေးရွာအနီးက အကြမ်းဖက်စစ်တပ်ရဲ့လွယ်ပသာ ကုန်းစခန်းနဲ့ ရွှေပြည်အေးအနီးရှိ ကုန်းစခန်းတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ၄၀ ကျော်သေဆုံးပြီး PDF ပူးပေါင်းအဖွဲ့ဘက်က ၁၁ ဦးကျဆုံးခဲ့တယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေးဌာနက ဒီကနေ့ ဇူလိုင် ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကရင်နီတပ်မတော် (KA)၊ KNDF PDF (Phekhon)၊ SSRY အဖွဲ့တို့က အကြမ်းဖက်စစ်တပ်ရဲ့ စခန်းကုန်းတွေကို ဇူလိုင် ၄ ရက်၊မနက် ၅ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လွယ်ပတာ စခန်းကို သိမ်းပိုက်ရရှိလုနီးပါးဖြစ်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးတွေ အဆမတန် အသုံးပြုတိုက်ခိုက်တာ၊ သာလွန်စစ်ကူအင်အားတို့ကြောင့် ဝင်ရောက်စီးနင်းမှုအတွင်း ပူပေါင်းတပ်ဘက်က ရဲဘော် ၁၁ ဦးကျဆုံးခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဇူလိုင် ၄ ရက်ရဲ့နေ့လယ်ပိုင်းတိုက်ပွဲမှာ ပူးပေါင်းတပ်တွေဘက်က ပြန်လည်ဆုပ်ခွာခဲ့ရတယ်လို့လည်း KNDF ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ဇူလိုက် ၆ ရက် မနက်ပိုင်းမှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ KNDF ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။