တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးတဲ့ လူနေအိမ် ၈၄ လုံးထိရှိလာ

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ တနင်္သာရီတိုင်းမှာ အကြမ်းဖက်စစ်တပ်တွေနဲ့ လက်အောက်ခံ အဖွဲ့တွေရဲ့ လက်ချက်ကြောင့် အရပ်သားပြည်သူ နေအိမ် စုစုပေါင်း ၈၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Southern Monitor က ထုတ်ပြန်လိုက်ပါတယ်။
စုစည်းထားတဲ့ အချက်အလက်တွေအရ ပုလောမြို့နယ်မှာ အရပ်သား ပြည်သူ နေအိမ် စုစုပေါင်း ၃၁ လုံး၊ သရက်ချောင်းမြို့နယ်မှာ ၂၅ လုံး၊ တနင်္သာရီမြို့နယ်မှာ ၁၈ လုံး၊ ထားဝယ် မြို့နယ်မှာ ၄ လုံး၊ ရေဖြူမြို့နယ်မှာ ၃ လုံး၊ လောင်းလုံမြို့နယ်မှာ ၂ လုံးနဲ့ မြိတ်မြို့နယ်မှာ ၁ လုံး မီးရှို့ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“အဖွဲ့က လက်လှမ်းမီသလောက် အချက်အလက်တွေကို စုစည်းထားတာဖြစ်လို့ မြေပြင်မှာ ယခုထက်ပိုများနိုင်ပါတယ်။”လို့ Southern monitor အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဇွန်လထဲမှာ နေအိမ် အလုံး ၃၀ မီးရှို့ခံရတာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်တွေဟာ စစ်ကြောင်းထိုးလာတဲ့အချိန်၊ ကျေးရွာအတွင်း ဝင်ရောက် စီးနင်းချိန်နဲ့ စစ်ကြောင်းပြန်လည် ဆုတ်ခွာချိန်တွေမှာ မီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။