လကမ္ဘာကို သိမ်းပိုက်မယ်ဆိုတဲ့ နာဆာရဲ့ စွပ်စွဲချက်ကို တရုတ် ကန့်ကွက်

Photo – AFP

တရုတ်နိုင်ငံဟာ စစ်ရေးအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ လကမ္ဘာကိုသိမ်းပိုက်နိုင်တယ်ဆိုတဲ့ NASA အကြီးအကဲရဲ့ သတိပေးချက်ကို ဇူလိုင်လ ၄ရက်နေ့မှာ တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁၀စုနှစ်ကာလအတွင်း တရုတ်နိုင်ငံဟာ သူ့ရဲ့ အာကာသစီမံကိန်းကို အရှိန်မြှင့်တင်ခဲ့ပြီး အထူးသဖြင့် လကမ္ဘာနဲ့ဆိုင်တဲ့ ပရောဂျက်တွေ  အဓိကထားလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“တရုတ်က လပေါ်ဆင်းသက်လာပြီး ဒီနေရာ ငါတို့ပိုင်ပြီ မင်းတို့ ထွက်သွားတော့လို့ ပြောမှာကို ကျွန်တော်တို့ အလွန်စိုးရိမ်တယ်” လို့ NASA အုပ်ချုပ်ရေးမှူး Bill Nelson က ဇူလိုင်လ ၂ရက်နေ့မှာ ဂျာမန်သတင်းစာ Bild ကို ပြောကြားခဲ့ပါတယ်။

အမေရိကန်အာကာသအေဂျင်စီအကြီးအကဲကလည်း တရုတ်နိုင်ငံရဲ့အာကာသအစီအစဉ်ဟာ စစ်ရေးအရသာဖြစ်ပြီး တရုတ်နိုင်ငံဟာ တခြားသူတွေဆီကနေ အကြံဉာဏ်နဲ့ နည်းပညာတွေကို ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

“အမေရိကန်အမျိုးသား လေကြောင်းပညာနဲ့ အာကာသဆိုင်ရာဌာနအကြီးအကဲအနေနဲ့ တရုတ်နဲ့ ပတ်သတ်ပြီး တာဝန်မဲ့ ပြောဆိုမှုတွေဟာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က ပြန်လည်ပြောဆိုထားပါတယ်။

NASA ဟာ ၂၀၂၄ ခုနှစ်မှာ လပတ်လမ်းထဲကို လူပါတဲ့အဖွဲ့လိုက်မစ်ရှင်တစ်ခု စေလွှတ်သွားမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ လရဲ့တောင်ဝင်ရိုးစွန်းအနီးမှာ အာကာသအဖွဲ့ဝင်တွေ ဆင်းသက်နိုင်စေဖို့ စီစဉ်နေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ လက်ရှိဆယ်စုနှစ်တာကာလအတွင်း လရဲ့တောင်ဝင်ရိုးစွန်းဆီကို လူမပါတဲ့ မစ်ရှင် အတော် များများကို စီစဉ်နေတယ်လို့ သိရပါတယ်။