အမေရိကန်လွတ်လပ်ရေးနေ့ချီတက်ပွဲမှာ ပစ်ခတ်မှုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံး

Photo – AFP

ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်နိုင်ငံ ချီကာဂိုမြို့ဆင်ခြေဖုံးရှိ Highland ပန်းခြံမှာ လွတ်လပ်ရေးနေ့ ချီတက်ပွဲကျင်းပနေစဉ် သေနတ်သမားတစ်ဦးရဲ့ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ကလေးငယ် ၅ ဦး အပါအဝင် အနည်းဆုံး လူ ၂၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွေဟာ အသက် ၈နှစ်ကနေ ၈၅ နှစ်ကြား ဖြစ်တယ်လို့ ဆေးရုံပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ရိုင်ဖယ်ကိုင်ဆောင်ထားတဲ့ အမျိုးသားဟာ အဆောက်အအုံနဲ့ချိတ်တွဲထားတဲ့ လမ်းကြားလှေခါးကနေတစ်ဆင့် ခေါင်မိုးပေါ်ကိုတက်ပြီး  မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်မှာ ချီတက်ပွဲကို ပစ်ခတ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

သံသယရှိသူ အသက် ၂၂ နှစ်အရွယ် Robert E Crimo III ဟာ အဲဒီဧရိယာမှာ နေထိုင်တာ ဖြစ်တယ်လို့ သိရပြီး ရဲတပ်ဖွဲ့ကရှာဖွေနေတယ်လို့ သိရပါတယ်။

 “ဒီကနေ့ လွတ်လပ်ရေးနေ့မှာ အမေရိကန်အသိုက်အဝန်းအတွက် အသိတရားမဲ့သေနတ်ပစ်ခတ်မှုကြောင့် ဝမ်းနည်းပူဆွေးမှု ထပ်မံဖြစ်ပေါ်စေပြီး ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်” လို့ သမ္မတ Joe Biden နဲ့သမ္မတကတော်က ဆိုထားပါတယ်။

ပြီးခဲ့တဲ့လတွေက Uvalde နဲ့ Buffalo မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ကွန်ဂရက်လွှတ်တော်ဟာ ပထမဆုံး သေနတ်ထိန်းချုပ်မှုဆိုင်ရာ ဥပဒေကို နှစ်ပေါင်း ၃၀ အတွင်း အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။