ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မဲဇလီကုန်းမြို့ရဲ့ အမှတ် ၂ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး သိန်းစိုး(ခေါ်) ဦးစိုးက ဦးဆောင်ပြီး ပြည်သူ့စစ်ဖွဲ့ရာမှာ ပါဝင်ဖို့ တအိမ်တယောက် လူစုနေတယ်လို့ မြို့ခံတဦးက DNA ကိုပြောပါတယ်။
“ပြည်သူ့စစ်ဖွဲ့ဖို့ဆိုပြီး အိမ်ပေါက်စိ စာရင်းယူလက်မှတ် အတင်းထိုးခိုင်း လုပ်နေတယ် ၊ ခန်းမစောင့်ရမယ်လည်း ပြောတယ်၊ တိုက်ပွဲဖြစ်ရင် ရှေ့မှာနေရမယ်လည်း ပြောတယ်။ ရပ်ကွက်ထဲ လူငယ်တွေတင်မဟုတ်ဘူး ၊ အသက်ငါးဆယ်ကျော် လူကြီးတွေလည်း ပါတယ် တအိမ်တက်ဆင်း စာရင်းယူတာ ၊ ရပ်ကွက်ထဲမှာတော့ မကျေနပ်ကြဘူး” လို့ ပြောပါတယ်။
DNA က စုံစမ်းရာမှာ အခုလို ပြည်သူ့စစ်အတွက် စာရင်းကောက်ယူတာဟာ အမှတ် ၂ ရပ်ကွက် တခုထဲမှာပဲ ပြုလုပ်နေတာ ဖြစ်ပြီး တခြား မြို့ပေါ်ရပ်ကွက်တွေ ဖြစ်တဲ့ အမှတ် ၁ နဲ့ အမှတ် ၃ ရပ်ကွက်တွေအပြင် အနီးအနားကျေးရွာတွေမှာတော့ အလားတူ စာရင်းကောက်ယူတာ မရှိသေးဘူးလို့ သိရပါတယ်။
အဲဒီလို စာရင်းကောက်ယူရာမှာ ရပ်ကွက်အတွင်း နေသူတွေက ကျေနပ်မှု မရှိပဲ စာရင်းမပေးတဲ့အပြင်၊ စာရင်းထဲမှာ ထဲ့သွင်းခံရသူမိသားစုဝင်တွေနဲ့ပါ စကားအခြေတင်များတာတွေ ရှိတယ်လို့ သိရပါတယ်။
“အစိမ်းပါတီထောက်ခံတဲ့ သူတွေတောင် မကျေနပ်ကြဘူး၊ မထဲ့ပဲနဲ့ ပါလို့လည်း စကားများကြတယ် ။ သူတို့ကတော့ အထက်အမိန့်အရလုပ်တာ ဆိုပြီးစာရင်း အတင်းကောက်တာတွေ ၊ မှတ်ပုံတင်တခါတည်း တောင်းယူထားတာတွေ လုပ်တယ် ၊ ရပ်ကွက်ထဲမှာတော့ ဒီကိစ္စကို တော်တော်မကျေမနပ်ဖြစ်နေကြတယ်”လို့ အမှတ် ၂ ရပ်ကွက်သားတဦးက ပြောပါတယ်။
မယ်ဇလီကုန်း ဒေသဟာ ရိုးမနဲ့ နီးစပ်ပြီး ၊ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း ဒလန်လို့ နံမည်ထွက်သူတဦးကို လာရောက်လုပ်ကြံခံရတာ စတဲ့ အခြေအနေတွေကြောင့် မယ်ဇလီကုန်ရဲစခန်းကို အင်အားထပ်ဖြည့်တာ ၊ ခြံစည်းရိုးလုံခြုံရေး တိုးမြှင့်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အခုလို ပြည်သူ့စစ်ဖွဲ့ဖို့ လူစုနေတာ နဲ့ ပတ်သက်ပြီး မြို့ခံတဦးက “ဒါကပြည်သူတွေအပေါ်အာဏာသုံးမတရားမှု့ပြုလုပ်တယ်လိုပဲပြောချင်တယ်။နောက်တခုကဖြစ်လာမဲ့တိုက်ပွဲတွေအတွက်ပြည်သူကိုလူသားဒိုင်းပြုလုပ်ဖို့စုဆောင်းတယ်လိုယူဆတယ်” လို့ မှတ်ချက်ပေးပါတယ်။
အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ ဒီရက်ပိုင်းအတွင်းမှာ မှတ်ပုံတင်မရှိသူတွေကို ၆ ထောင်ကျပ်ပေးပြီး သူ့အိမ်မှာ စာရင်းပေးသွင်းဖို့လည်း ပြောဆိုနေတယ်လို့ သိရပါတယ်။