တပတ်တာ နွေဦးပုံရိပ်လွှာ


စကစ၏ ဥကရစ်ထ စခန်းကျပြီ…။KNDO တပ်ဖွဲ့က သိမ်းပိုက်လိုက်သည်တဲ့..။သည်လိုနှင့် လူအများ၏ စိတ်အာရုံကို ဥကရစ်ထက စတင်ဖမ်းစားခဲ့သည်။နွေဦးရပ်ဝန်းတွင် အညာလွင်ပြင်ဆီက သတင်းများသာ နေ့စဉ်လိုလို လွှမ်းမိုးနေတတ်သည်။ ယခုသီတင်းပတ်အတွက်တော့ ဥကရစ်ထ က အဓိကဇာတ်ကောင်ဖြစ်၏။

ဒေါနမြေက နောက်ထပ် စခန်းသိမ်းတိုက်ပွဲတခု..။ သို့သော် ကနဦး ပျံ့နှံ့ခဲ့သော သတင်းစကားလို အချိန်တိုအတွင်း ပြီးဆုံးသွားသည့် ပွဲတော့မဟုတ်။ အာဏာသိမ်းစစ်တပ်၏ လေကြောင်း၊ လက်နက်ကြီး ပစ်ကူတို့ကြောင့် ဥကရစ်ထ တိုက်ပွဲက သီတင်းပတ်တခုပင်ကြာခဲ့ပြီ။

ဒေါနမြေတွင် ခြေကုပ်စခန်းများဆက်တိုက် စွန့်လွှတ်နေရသော စစ်ကောင်စီက ဥကရစ်ထ ကိုထပ်မံ လက်မလွှတ်ရရေး အစွမ်းကုန်ကြိုးပမ်းနေသည်။ဥကရစ်ထ က စစ်ရေးအရ ပိုမိုဗျူဟာမြောက်ခြင်းကြောင့်လည်း ဖြစ်သည်။ထို့အတူ သေဘော့ဘိုး၊ ဝေါလေ ရဲစခန်းတိုက်ပွဲများကြောင့် အရှက်ရခဲ့သည်ကို ဥကရစ်ထတွင် ပြန်လည်ကုစားလိုခြင်းလည်း ပါဝင်မည်မှာသေချာပါသည်။

ဤတိုက်ပွဲတွင် စကစ လက်ပါးစေ အများအပြားသေဆုံး၊ ထိခိုက်၊ ဖမ်းဆီးခံရမှုတွေရှိသည်။ စကစက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် ကာကွယ်နေသည့်တိုင် တော်လှန်ရေးတပ်ဖွဲ့များကလည်း ဥကရစ်ထ သိမ်းပိုက်နိုင်ရေး ကြိုးပမ်းမှုကိုလက်မလျှော့..။ ထို့ကြောင့် စကစက စစ်ကူတွေ ထပ်လွှတ်သည်။

ဒေါနမြေတွင် စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေထပ်တိုးလာ၏။

“နင်တို့ပို့လာတဲ့ စစ်ကြောင်း(တပ်မ) ၄၄ ကွန်မန်ဒိုအဖွဲ့ များများလာခိုင်း၊ တနာရီတောင် ငါမပစ်ရဘူး၊ ဒီမှာကြည့် နင်တို့သေနတ်တွေ”
စကစတပ်ကူ စစ်ကြောင်းကို ဖြတ်တိုက်ပြီးနောက် သိမ်းဆည်းခဲ့သော လက်နက်များကို သက်သေပြု၍ KNDO ဗိုလ်ကြီး အယ်စေဝါးက ကြုံးဝါးသည်။ ဥကရစ်ထ တိုက်ပွဲကို ကနဦးတွင် KNDO တပ်ဖွဲ့က စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် KNLA လက်အောက်ခံ Cobra စစ်ကြောင်းကလည်း ပါဝင်ကူညီတိုက်ခိုက်နေသည်။

ထို့ကြောင့် စကစတို့က cobra စစ်ကြောင်း အထိုင်ချရာ စခန်းများကိုဝင်တိုက်၍ နောက်ကျောမလုံ စေ ရန် လုပ်ဆောင်နေသည်လည်းရှိသည်။ကနဦးက သိမ်းပိုက်ရရှိရန် လက်တကမ်းအလိုအထိရောက်ခဲ့သော ဥကရစ်ထတိုက်ပွဲဤမျှ ရှည်ကြာနေခြင်းမှာ စစ်ရေးသတင်းပေါက်ကြားမှုများကြောင့်ဟု ထောက်ပြမှုတွေလည်းရှိနေသည်။

နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက တော်လှန်ရေးတပ်ဖွဲ့ဝင်အင်အား အများဆုံး ဝင်ရောက်ခိုလှုံ ရာဒေသဖြစ်လာသော ဒေါနမြေတွင် သတင်းစကားတွေ ဖောင်းပွနေတတ်သည်ကတော့ ကြာခဲ့ပြီ။ ဗျူဟာမြောက် စစ်ရေးလှုပ်ရှားမှုများပိုမိုမြင့်တက်လာမည့် ဤကာလများတွင် သတိပြုဖွယ်ဖြစ်သည်။

မြေပြင်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ကျဆုံးထိခိုက်မှုရှိနေသည့်ကြားက ကျားကုတ်ကျားခဲ တိုက်ပွဲဝင်နေရဆဲ အခိုက်အတန့်မှာပင် ဇူကာဘတ် ကမ္ဘာထဲတွင်တော့ အောင်ပွဲသတင်းများက ပျံ့နှံ့နေခဲ့သည်။ လက်ရှိအချိန်တွင်တော့ ဥကရစ်ထသည် နှစ်ဘက်လုံးအတွက် စစ်ရေးအရသာမက စိတ်ဓာတ်ပိုင်း၊ ဂုဏ်သိက္ခာပိုင်းအရပါ ပိုမိုအရေးပါလာပြီဖြစ်၏။

သေချာသည်ကတော့ လာမည့်ရက်အနည်းငယ်ကြာအထိ ဥကရစ်ထ တိုက်ပွဲက နွေဦးရပ်ဝန်းကို လွှမ်းမိုးနေဦးမှာဖြစ်သည်။ ကိုယ့်ဘက်က ပေးဆပ်မှုတွေ အလွန်အမင်း များပြားမလာမီ အောင်ပွဲရပါစေဟု ဆုတောင်းရင်း နိုင်သမျှ ပါဝင်ကူညီခြင်းကသာ နွေဦးသူရဲကောင်းတို့ အားတက်စရာဖြစ်သည်။

ဒေါနမြေတွင် တော်လှန်ရေးတပ်ဖွဲ့များကို ဦးဆောင်တိုက်ပွဲဝင်နေသည့် KNU သည် ပဲခူးဒေသတွင်လည်း စစ်ကောင်စီလက်ပါးစေများနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေရသည်။KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း ယခုသီတင်းပတ်တွင်လည်း တိုက်ပွဲများ ဆက်ရှိနေပြီး ဒေသခံပြည်သူ တသောင်းကျော် တိမ်းရှောင်နေရသည်ဟုဆိုသည်။

ဒေသများ ကွားခြားသော်လည်း အကြမ်းဖက်စစ်တပ်၏ စစ်ရေးဗျူဟာကတော့ ထုံးစံအတိုင်းသာ ဖြစ်သည်။ လူအင်အားထက် လက်နက်အင်အားကို အဓိကထားသည်။ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ဖြင့် မကောင်းသူထိပ်၊ ကောင်းသူထိပ်ဆိုကာ ထိချင်ရာထိ ပစ်ခတ်၏။

ထို့ကြောင့် လက်နက်ကိုင်တိုက်ပွဲနှင့် တိုက်ရိုက်မသက်ဆိုင်သည့် ပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေကြေမှုတွေ ခံစားကြရသည်။ ဒေသတွင်း လူနေကျေးရွာများအပေါ် စစ်တပ်၏ နိုင့်ထက်စီးနင်း အမူအကျင့်များကတော့ ပြောမကုန်နိုင်သည့် တထောင့်တည ဇာတ်လမ်းများသဖွယ်ဖြစ်သည်။

ဧရာဝတီ ဒေသဘက်သို့ ငဲ့ကြည့်လျှင်လည်း တိုက်ပွဲတခုကိုတွေ့ရမည် ဖြစ်သည်။ တော်လှန်ရေး တပ်ဖွဲ့ များ အခြေမချနိုင်စေရန် ကြိုတင်တင်းကြပ်ထားသည့်ကြားကပင် ဧရာဝတီ၏ တိတ်တဆိတ် ရုန်းကြွခြင်း ခြေရာလက်ရာများကို ယခုကာလများအတွက် ခပ်စိတ်စိတ်မြင်တွေ့နေရသည်။

ယခုသီတင်းပတ်အတွက် ဧရာဝတီတိုက်ပွဲကတော့ ကြံခင်းမြို့နယ်မှာဖြစ်သည်။ အဆိုပါ မြို့နယ်အတွင်းရှိ ရခိုင်ရိုးမတောင်ခြေတနေရာသို့ အကြမ်းဖက်စစ်တပ်များ စစ်ကြောင်းထိုးခြင်းကြောင့် ရိုးမဧရာဝတီ PDF တပ်ဖွဲ့နှင့် ဇူလိုင် ၁ ရက်က ထိတွေ့တိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း ဒေသတွင်းသတင်းကဆိုသည်။

သတင်းအရ နှစ်ဖက်ထိခိုက်ကျဆုံးမှုမသိရသေးဘဲ ရိုးမဧရာဝတီ PDF တပ်ဖွဲ့က ၎င်းတို့စခန်းကို စွန့်ခွာ၍ ဒေသတွင်းအခြေစိုက် အခြား PDF တပ်ဖွဲ့တခုဖြစ်သည့် ဧရာဝတီဒေါင်းတမန်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ဆက်လက်တိုက်ခိုက်နေသည်။

ဤသို့နှယ် ဒေသအနှံ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်လာရပြီးနောက် အကြမ်းဖက် စစ်တပ်တွင် လူသားအရင်းအမြစ် လိုအပ်ချက်က တဟုန်ထိုးမြင့်မားလာနေသည်။ ထို့ကြောင့် တပ်တွင်းအင်အား မပြုန်းတီးရေးဆောင်ရွက်ရန် ညွှန်ကြားမှုတွေလည်း ရှိလာသည်။

ထို့အပြင် စကစစစ်ကြောင်းများတွင် လိုက်ပါရန် ငွေကြေးဖြင့် စည်းရုံးခေါ်ဆောင်မှုကိုလည်း ဒေသအချို့ တွင် လုပ်ဆောင်လာသည်ကိုတွေ့ရ၏။ စစ်ကိုင်းနယ်စပ် ကလေးမြို့ဆီက သတင်းတခုကတော့ ဤသို့ဆို၏။

“စစ်ကောင်စီတပ်က ပျူများကို ရှေ့တန်းလိုက်ရန် တဦးကျပ်နှစ်သိန်းပေးခေါ်သော်လည်း သေသူများလာ၍ မလိုက်ရဲတော့” ဟူ၏။ ငွေကျပ်နှစ်သိန်းအတွက် စကစ စစ်ကြောင်းများတွင် လိုက်ပါရင်း သေသူအရေအတွက် မြင့်တက်လာ၍ စစ်တပ်၏ လက်ရုန်းအဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့် ပျူစောထီးများပင် စစ်တပ်စစ်ကြောင်းများနှင့်အတူ မလိုက်လိုတော့ဟု သတင်းကဖော်ပြသည်။

စစ်ကောင်စီက ၎င်း၏ လူအင်အားချို့တဲ့လာမှုကို ဖာထေးရန်အတွက် PDF များနှင့် ပြည်သူများကြား သွေးထိုးကာ ဒေသအနှံ့တွင် ပြည်သူ့စစ် အင်အားစုများကိုဖွဲ့စည်းနေသည်။ပျူစောထီး အဖွဲ့ဝင်များကလည်း စစ်တပ်၏ အရန်အင်အားများသဖွယ် အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုများကို လိုက်ပါလုပ်ဆောင်နေသည်မှာ ကြာခဲ့ပြီ။

အကြမ်းဖက် စစ်တပ်သည် ယုတ်မာရက်စက်မှုဖြင့် ကမ္ဘာကျော်နေသည့်တိုင် ၎င်းတို့၏ မိုက်ဂုဏ်ပြသမှုကို မရပ်တန့်နိုင်သေး…။ အညာလွင်ပြင် ရွှေဘိုမြို့နယ်တွင် အစုလိုက်အပြုံလိုက် လူသတ်ပွဲတခု ယခုသီတင်းပတ်အတွင်းဆင်နွှဲခဲ့ပြန်သည်။

တော်လှန်ရေး တပ်ဖွဲ့များထံ ဖမ်းဆီးခံရချိန် ဇီးရွက်မျှ မျက်နှာဖြင့် အသနားခံနေဟန် မျက်နှာအမူအရာများက ၎င်းတို့အားသာချိန်တွင်တော့ ဒဿဂီရိ ခေါင်းဆောင်းကိုယ်စီနှင့်ဖြစ်သည်။ အညာလွင်ပြင် ရွှေဘိုနယ်က သတင်းဆိုးတခုဆီ သွားကြရအောင်ပါ။

အသက် ၁၈နှစ်ပင်မပြည့်သေးသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား လူငယ်နှစ်ဦးအပါအဝင် ဒေသတွင်း ကာကွယ်ရေးလုပ်ငန်းများတွင်ပါဝင်ကူညီလိုသည့် လူငယ်ကိုးဦး…။ ဝက်လက်မြို့နယ်မှတစ်ဆင့် ရွှေဘိုကိုဖြတ်သန်းကာ အရာတော်မြို့နယ်သို့ ခရီးထွက်ခဲ့ကြသည်။

ဤခရီးကပင် သူတို့အတွက် နောက်ဆုံးခရီးဖြစ်မည်ကို ကြိုတင်မသိနိုင်ခဲ့..။ သူတို့၏ ရည်ရွယ်ချက်က ဆေးသင်တန်းတက်ရန်ဖြစ်သည်။

သို့သော် ဆေးသင်တန်းအစား ငရဲခန်းနှင့်တိုးခဲ့ခြင်းကြောင့် နွေဦးတွင် နာကျင်စရာ ဒဏ်ရာတခုတိုးလာပြန်သည်။

စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တိုးခဲ့သော အဆိုပါလူငယ်ကိုးဦးအဖို့ ပြန်လမ်းမရှိခဲ့။ လက်နက်ပင် ပါမသွားသည့် လူငယ်ကိုးဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဝက်လက်မြို့ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က သတင်းဌာနများအား အတည်ပြုသည်။ နွေဦးတွင် အာဇာနည်အဖြစ် လင်းလက်ခဲ့သော ကြယ်တွေ များလှပြီ..။

အကြမ်းဖက် စစ်တပ်အဖို့ကတော့ ကျေးလက်နှင့် တောတွင်းတိုက်ပွဲများ ဆင်နွှဲရလေလေ၊ မြို့ပြတွင် ဖိနှိပ်တင်းကြပ်လေ ဖြစ်သည်။ မဖိလို့လည်းမရ။ မြို့ပြက မြေအောက်တော်လှန်ရေးလှုပ်ရှားမှုများက စစ်တပ်အဖို့ နောက်ကျောမလုံဖြစ်စေ၏။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ နိုင်ငံရေး ရည်မှန်းချက်များအတွက်လည်း ကြီးမားသည့် ဆူးညှောင့်များဖြစ်သည်။ သပိတ်တွေ၊တော်လှန်တိုက်ခိုက်မှုတွေရှိနေသည့် မြို့ပြကို စစ်ကောင်စီက မလိုလားပေ။ ငြိမ်ဝပ်ပိပြားနေသည့် မြို့ပြကသာ စစ်အာဏာသိမ်းမှုကို လူထုက မဆန့်ကျင်ကြောင်း၊ လူအများ ငြိမ်းချမ်းသာယာ ဝပြောနေကြောင်း အသံကောင်းဟစ်နိုင်မည်မဟုတ်လား..။

ထို့ကြောင့် မြို့ပြကိုဖိသည်။ မြေအောက်တော်လှန်ရေးသမားများအဖို့ ပိုမိုကျဉ်းကြပ်လာ၏။ လှုပ်ရှားမှုတွေ ရှိနေသေးသည့်တိုင် လွန်ခဲ့သော ကာလတခုကလို အားကောင်းသည့် မြို့ပြတိုက်ခိုက်မှုတွေ လျော့ကျလာနေသည်။

လတ်တလော သီတင်းပတ်အချို့အတွင်းမှာပင် စစ်ကြောရေး ငရဲခန်းဆီ ရောက်သွားသည့် မြေေအာက်အဖွဲ့သားများ အရေအတွက် ရာဂဏန်းအထိရှိပြီ။ အချို့ကလည်း ဆက်လက်တော်လှန်နိုင်ဖို့အတွက် မြို့ပြကို စွန့်ခွာသွားကြရသည်။

အထူးသဖြင့် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေက မြေအောက်တော်လှန်ရေးလောက အထိနာနေ၏။ စကစက ဖမ်းမိသူတွေကို ညှင်းပန်းနှိပ်စက်၍ သတင်းကွင်းဆက်ယူ၏။ တချို့ကိုတော့ အတင်းအကြပ်ဖော်ကောင်လုပ်စေကာ ကျန်သူများကိုဆက်ဖမ်းသည်။

ကိုယ်ဖျောက်တော်သူတွေကိုတော့ အလှူရှင်ယောင်ဆောင်၍ ဖမ်းသည်။ ဧည့်စာရင်းစစ်ရင်း ဖမ်းသည်။ နောက်ယောင်ခံခြင်း၊ သတင်းပေးများဖြင့် ခြေရာခံခြင်းတို့ဖြင့် ဖမ်းသည်။ သပိတ်လှုပ်ရှားမှုတွေကို အသွင်ယူ ခြေရာခံကာ အကြမ်းဖက်ဖမ်းသည်။ ပြည်သူတွေဆီက ထောက်ခံမှုနှင့် အကူအညီမရနိုင်အောင် ခြိမ်းခြောက်မှုများလုပ်သည်။

ယခုသီတင်းပတ်အတွင်း ရန်ကုန်မြို့အထင်ကရ နေရာဆီက ဖြစ်ရပ်ကိုကြည့်လျှင်ပင် ဤသို့ခြိမ်းခြောက်မှုများကို အထင်အရှားမြင်တွေ့နိုင်သည်။ တနည်းအားဖြင့် အကြမ်းဖက်စစ်တပ်သည် ကျေးလက်တွင်သာ မီးရှို့ဖျက်ဆီးမှုများ လုပ်သည်မဟုတ်ကြောင်း သာဓကလည်းဖြစ်သည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်း လှည်းတန်း ပေ ၅၀ လမ်းရှိ ဈေးတန်းအတွင်း တော်လှန်ရေးသပိတ်လှုပ်ရှားမှုတခု ပြုလုပ်ခဲ့သည်။လူငယ်တွေ၏ စွန့်စားရုန်းကန်မှုကို အသိအမှတ်ပြုကာ ထောက်ခံအားပေး သူတွေလည်းရှိသည်။

ထို့နောက် ဇွန် ၃၀ ရက် ညပိုင်းတွင် အကြမ်းဖက်စစ်တပ်က မည်သည့်အကြောင်းပြချက်မျှမရှိဘဲ အဆိုပါဈေးအတွင်း ဝင်ရောက်ကာ ဈေးသည်များ၏ ပစ္စည်းများကို လူပုံအလယ် မီးရှို့ဖျက်ဆီးပြသည်။ ဈေးသည်များအား သေနတ်ဖြင့်ချိန်ရွယ်ခြိမ်းခြောက်မှုတွေလည်းလုပ်၏။

အကြမ်းဖက် စစ်တပ်ခေါင်းဆောင်များနှင့် အောက်ခြေတပ်ဖွဲ့တွေကတော့ လိုက်လည်းလိုက်ဖက်ကြသည်ဟု ဆိုရမည်။ လှည်းတန်းမီးရှို့မှုအပြီး နောက်ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ စကစ ပြောခွင့် ရသူက ဤသို့ဆို၏။

“ဘယ်သူမှ စစ်တပ်ကိုမကြောက်ရဘူး၊PDF ကိုပဲ ကြောက်နေရတာ” ဟူ၍။

နာကျင် ရွံရှာစွာ ရယ်မောရသည့် နွေဦးနေ့ရက်များ……..။