ဥရောပမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု သုံးဆတိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်

Photo – Reuters

လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ဥရောပမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု သုံးဆတိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ ရှားပါးရောဂါကို ဥရောပတိုက်ကြီးပေါ်မှာ အမြစ်တွယ်မှုမဖြစ်စေဖို့အတွက် ဒေသတွင်းနိုင်ငံတွေအနေနဲ့ သေသေချာချာပိုမိုလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဥရောပရဲ့ကူးစက်မှုအရေအတွက်ဟာ ကမ္ဘာလုံးဆိုင်ရာစုစုပေါင်းအရေအတွက်ရဲ့ ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဥရောပတိုက်မှာရှိတဲ့ နိုင်ငံ ၃၁ နိုင်ငံရဲ့ရောဂါဖြစ်ပွားမှုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒီနေ့အထိ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံပေါင်း ၅၁ နိုင်ငံမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှုပေါင်း ၅၀၀၀ ကျော်ကိုတွေ့ရှိခဲ့ပြီး ဒါဟာ ပုံမှန်မဟုတ်တဲ့ ရောဂါတစ်ခုဖြစ်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မူလက ကျောက်ရောဂါအတွက် ဖော်ထုတ်ခဲ့တဲ့ ကာကွယ်ဆေးကို အခုဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါ အတွက် အသုံးပြုလို့ ရ မရ စစ်ဆေးဖို့ စတင်နေပြီလို့  ဥရောပဆေးပညာဆိုင်ရာ အေဂျင်စီက အခုသီတင်းပတ်မှာ ပြောထားပါတယ်။

ဗြိတိန်နဲ့ ဂျာမဏီအပါအဝင် နိုင်ငံအတော်များများမှာတော့ မျောက်ကျောက်ဖြစ်နိုင်ခြေ မြင့်မားတဲ့ လူတွေကို ကာကွယ်ဆေး ထိုးပေးနေဖို့ ပြင်ဆင်နေပြီလို့သိရပါတယ်။