ညောင်လေးပင်ခရိုင်ထဲက စစ်တပ်စခန်းတချို့ကို KNLA သိမ်းယူ၊ ကြောင်ပြာစခန်းတိုက်ပွဲမှာ စစ်တပ်က တပ်ရင်းမှူး သေ

ဇူလိုင်လ ၂ ရက်နေ့က အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းတချို့ကို တပ်မဟာ(၃)ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ KNU ဗဟိုရဲ့ လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်သွားပါတယ်။
ဇူလိုင်လ (၂) ရက်နေ့ မနက် ၅ နာရီလောက်မှာ ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နဲ့ ကျောင်းစုစခန်းတွေကို တပြိုင်နက်ထဲ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲဒီစခန်းတွေဟာ အကြမ်းဖက်စစ်တပ်က ဒေသခံပြည်သူတွေကို အသွားအလာကို စစ်ဆေးတာ၊ ဟန့်တားနှောင့်ယှက်တာတွေ လုပ်နေပြီး နယ်မြေစိုးမိုးနိုင်ဖို့ လုပ်ဆောင်နေတဲ့ နေရာတွေ ဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။
အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နဲ့ ကျောင်းစုစခန်းသိမ်းတိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ အပေါင်းအပါတွေ ဖြစ်တဲ့ ပြည်သူ့စစ် ၄ ဦးသေဆုံးခဲ့ပြီး ကျန်တဲ့သူတွေက ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲတွေကနေ အမျိုးအစားစိစစ်ဆဲ သေနတ် ၈ လက် ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကြောင်ပြာစခန်းတိုက်ပွဲမှာ နှစ်ဖက်အထိအခိုက်ရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ တပ်ရင်းမှူးကျဆုံးခဲ့တယ်လို့ သိရပြီး အကျအဆုံးစာရင်းအတိအကျကိုတော့ အတည်ပြုနိုင်ဖို့ ကြိုးစားနေစဲလို့ ဖေါ်ပြထားပါတယ်။ အပြီးသတ်စခန်းရှင်းလင်းရေးလုပ်ဆောင်မယ့် အချိန်မှာ အကြမ်းဖက်စစ်တပ်က တိုက်လေယဉ်တွေ၊ ရဟတ်ယဉ်တွေနဲ့ လေကြောင်းပစ်ကူခဲ့တဲ့အတွက် အပြီးသတ်ရှင်းလင်းနိုင်ခြင်း မရှိခဲ့ဘူးလို့လည်းသိရပါတယ်။
အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူရာမှာ တိမ်းရှောင်ပြေးလွှာနေတဲ့ အရပ်သားနေရာတွေအပေါ်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။အဲဒီလို တိုက်ခိုက်မှုကြောင့် စောဘီးချယ် နဲ့ မိသားစု စုစုပေါင်း ၄ ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ဒါအပြင် ကျွန်းပင်ဆိပ်ရွာက ရွာသားတဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေနဲ့ အနီးမှာရှိတဲ့ ကျေးရွာ အားလုံးနီးပါးက ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။ ဒီနေ့အထိ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဆီကို ပစ်ခတ်နေတဲ့အပြင် စစ်ကူတွေအားဖြည့်နေတဲ့အတွက် တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်လာမယ့် အခြေအနေ ရှိနေတယ်လို့လည်း သိရပါတယ်။