အိန္ဒိယအရှေ့မြောက်ပိုင်းမှာ မြေပြိုမှုကြောင့် လူ ၁၄ဦးသေဆုံး

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၄ ဦး ထက်မနည်းသေဆုံးပြီး နောက်ထပ် ၃၀ ကျော်ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ဇွန်လ ၃၀ရက်နေ့က ပြောကြားလိုက်ပါတယ်။

မဏိပူရပြည်နယ် မြို့တော် Imphal အနီးမှာ ရွှံ့မြေပြိုကျခဲ့တာဖြစ်ပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူကို ကယ်ဆယ်ဖို့ ကယ်ဆယ်ရေးသမား၊ ရဲတပ်ဖွဲ့နဲ့ ဒေသခံရွာသားတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ 

အဲဒီဒေသမှာ မီးရထားစီမံကိန်းတခု အကောင်အထည်ဖော်နေတာဖြစ်ပြီး သေဆုံးသူတွေထဲမှာ မီးရထားဝန်ထမ်း ၅ဦးပါတယ်လို့လည်း ဆိုပါတယ်။

“မနက် ၂ နာရီအချိန်လောက်က မြေပြိုခဲ့တာကြောင့်  အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အလမ်း အလွန်နည်းပါးတယ်” လို့ မဏိပူရပြည်နယ် ခရိုင်တရားသူကြီး Haulianlal Guite က ပြောဆိုထားပါတယ်။

မေလ ၁၇ရက်ကတည်းက အာသံ၊ မဏိပူရ၊ ထရီပူရာနဲ့ ဆစ်ကင်းအပါအဝင် ပြည်နယ်တွေမှာလည်း ရာသီဥတုဆိုးရွားပြီး မြေပြိုမှုတွေကြောင့် စုစုပေါင်း လူ ၂၀၀ ခန့် သေဆုံးခဲ့ပြီး သောင်းနဲ့ချီတဲ့လူတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။ 

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးမှုမြင့်တက်လာတာ ဖြစ်တယ်၊ မုတ်သုန်ရာသီဟာလည်း ပုံမှန်မဟုတ်တော့ပဲ ပိုပြီးပြင်းထန်လာတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။