ဂန့်ဂေါမြို့နယ် ၊ မြင်သားရွာ ဘုန်းတော်ကြီးကျောင်းမှာ တပ်ချထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရွာထဲက စိတ်မနှံ့သူတဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ် ။
“မြင်သားဘုန်းကြီးကျောင်းမှာ တပ်ချတဲ့ခွေးတွေက ဟိုအရင်က အိမ်မီးရှို့ခဲ့တဲ့ အိမ်တွေက ဝက်ကိုသတ်စားကြတာ။ ဦးကြံတင်သားသမီးတွေရဲ့ဝက်လေ။ ဘုန်းကြီးကျောင်းမြောက်ဖက်နားက စိတ်မနှံ့တဲ့ ဖိုးသားလေးကိုလည်း သတ်ပစ်တယ်။ စိတ်မနှံ့တော့ ပြေးရကောင်းမှန်းဘယ်သိမလဲ” လို့ မြင်သားရွာခံတစ်ဦးကဆိုပါတယ်။
ဇူလိုင် ၁ ရက်နေ့က စမ်းမြို့ရွာမှာ တပ်ချထားတဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တင်သားရွာမှာ တပ်ချထားတဲ့ စစ်တပ်နဲ့ ပူးပေါင်းပြီး မြစ်သာအရှေ့ဘက်ကမ်းက မြင်သား ၊ ကုန်းရွာ ၊ အလယ်ရွာ ၊ ရွာမရွာတွေဆီကို စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ် ။
” မနေ့က ညနေက ဖောကားသုံးစီးရွာဘက်ကိုလာတယ်။ ပစ္စည်းတွေတိုက်ဖို့နေမှာ။ သူတို့လိုချင်တာယူကြမှာပ။ စာသင်ကျောင်းထဲက လူနေဆောင်ကိုလည်း PDF တွေနေတယ်ဆိုပြီး မီးရိူ့တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မနေ့က ဇူလိုင် ၁ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် အလယ်ရွာသားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ် ။” တစ်ယောက်က ဗိုက်ကိုရှပ်ထိတာ။ တစ်ယောက်ကပေါင်ကို။ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး” လို့ အလယ်ရွာသူတစ်ဦးကဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ကုန်းရွာ၊မြင်သား၊ အလယ်ရွာ၊ ရွာမရွာက ပြည်သူတွေဟာ တောထဲမှာ စစ်ဘေးရှောင်နေကြရပါတယ်။