ကလေး -ဖလမ်း ကားလမ်းပေါ်မှာ ဆိုင်ကယ်ဖြင့်သွားလာတဲ့ လူငယ်နှစ်ဦးမိုင်းထိပြီး တဦးသေဆုံး

ဇွန်လ ၃၀ ရက်နေ့က ကလေး – ဖလမ်း ကားလမ်း၊ ဗားလုံနှင့် ဇောင်းလဲကျေးရွာကြားမှာ လူငယ်နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်တစ်စီး မိုင်းနင်းမိကာ တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
” စိတ်တော့မကောင်းဘူးပေါ့။ သူတို့ကလည်း ဆိုင်ကယ်နဲ့ဆိုတော့ရမှာပါလို့ တွေးတာနေမယ်။ ခုကားတွေရော၊ ဆိုင်ကယ်နဲ့သွားတဲ့သူရော ဝေဘူလဖက်က ပတ်ပြီးသွားကြတာ။ ကားတွေကတော့ ကုန်ပစ္စည်းပေါ့လေ။ ဆိုင်ကယ်နဲ့သွားတဲ့သူတွေက မသွားမဖြစ်ကိစ္စလောက်သွားကြတာပါ။ ဒေသခံအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို အလေးထားခဲ့ရင် ဒါမျိုးကြုံမှာမဟုတ်ဘူး” လို့ ဖလမ်းဒေသခံတစ်ဦးကဆိုပါတယ်။
ဒီလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ အသုံးမပြုဖို့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ CNO ၊ CDF မေတ္တာရပ်ခံထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးတဲ့လူငယ်ဟာ ချင်းပြည်နယ်၊ ဟားခါး ပညာရေးဒီဂရီ ကော်လိပ် ပထမနှစ်ကျောင်းသား ဆလိုင်းပီတာ ဒိမ်း လျန် ဆန်း (၂၂နှစ်) ဖြစ်ပြီး သူနဲ့အတူ ဆိုင်ကယ်စီးလာတဲ့ ဆလိုင်းဗန်လျန်အုပ်ကတော့ ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။
ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ကလေးမြို့ကနေ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကား ၅ စီးနဲ့ ချင်းတောင်ကို တက်သွားကတည်းကဒေသခံ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ CNO နဲ့ CDF အဖွဲ့က ကလေး – ဖလမ်း ကားလမ်းကို သွားလာခြင်းမပြုကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လ ၂၉ ရင်နေ့ နေ့လယ်ပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီ ကား ၂၁ စီးဟာ သစ်ဝါးတွေ၊ အိုးခွက်ပန်းကန် တွေနဲ့ ချင်းတောင်ကိုတက်သွားခဲ့တာပါ။
အဲဒီတပ်တွေဟာ ဇောင်ကောင်းကျေးရွာအနီးတဝိုက်မှာ ခြေလျင်နဲ့ဖလမ်းဖက်ကို တက်လာနေပြီး ဆိုင်ကယ်မိုင်းနင်းမိတဲ့နေရာ ဟာစစ်ကောင်စီတပ်တွေ ဖြတ်လာမယ့်ကားလမ်းမဖြစ်တယ်လို့ ဒေသခံမီဒီယာတစ်ခုကဖော်ပြထားပါတယ်။