ကျောက်ကြီး စစ်ရှောင်ပြည်သူတွေအတွက် အကူအညီတွေလိုအပ်နေ

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံကရင် အရပ်ဖက်လူမှုရေးရာအဖွဲ့ (ညောင်လေးပင်ခရိုင်) က ထုတ်ပြန်ပါတယ်။
လက်ရှိမှာ စစ်တပ်က နေ့စဉ်စစ်အင်အား တိုးချဲ့လာပြီး တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာကြောင့် ရွာလုံးကျွတ် တိမ်းရှောင်တာတွေ များတဲ့အပြင် မပြောင်းရွှေ့ရသေးတဲ့ ကျေးရွာနေ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။
စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်၊ ကလေးသူငယ်နဲ့မသန်စွမ်းသူတွေ ပါဝင်သလို မိုးရာသီဖြစ်တာကြောင့် နေရာထိုင်ခင်းအတွက် အမိုးအကာအခက်အခဲ၊ ကျန်းမာရေးအတွက် ဆေးဝါးအကူအညီ၊ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိရေးအခက်အခဲနဲ့ အစားအစာလိုအပ်ချက်တွေ ရှိနေကြောင်းလည်း ထုတ်ပြန်ပါတယ်။
ကျောက်ကြီးမြို့နယ် ဒေသခံကရင် အရပ်ဖက် လူမှုရေးရာအဖွဲ့နဲ့ ကျေးရွာကျန်းမာရေးကော်မတီအဖွဲ့တို့ဟာ ဇွန်လ၂၈ရက်နေ့က စစ်ရှောင်တွေဆီသွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကျောက်ကြီးမြို့နယ်နဲ့ မူး(မုန်း) မြို့နယ်အတွင်းရှိ ကျေးရွာတွေဆီ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စဉ်ဆက်မပြတ် ပစ်ခတ်နေမှုကြောင့် ကျေးရွာပေါင်း (၃၀) က လူဦးရေ စုစုပေါင်း (၁၆,၁၃၇) ဦး ထွက်ပြေးပုန်းရှောင်နေရပါတယ်။
စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကျေးရွာပေါင်း၁၁ရွာက ကိုယ်ထူကိုယ်ထပညာ‌ရေးကျောင်းတွေ ပိတ်သိမ်းထားရကြောင်း ကေအဲန်ယူကထုတ်ပြန်ပါတယ်။