စမ်းရွာကနေ မြင်သားရွာကို ကူးဖို့ပြင်နေတဲ့ စစ်တပ်ကို PDF တွေ ခုခံတိုက်ခိုက်

ဂန့်ဂေါမြို့နယ် မြောက်ပိုင်း၊ မြစ်သာမြစ်အရှေ့ဘက်ကမ်း စမ်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ဟာ ဇွန်လ ၃၀ ရက်နေ့ ၊ မနေ့က ညပိုင်းမှာ မြင်သားရွာကို စစ်ကြောင်းထိုးလာရာမှာ PDF တွေခုခံတိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွားသွားခဲ့တယ်လို့ တော်လှန်ရေးတပ်သားတဦးက DNA ကိုပြောပါတယ်။
“သူတို့က ဆယ်ယောက်လောက်အရင်တာလာတာ။ နောက်မှာလည်းအင်အားပါမှာပေါ့လေ။ ဒီကနေဆီးပြီး ဆယ်ချက်လောက်ပစ်လိုက်ရသေးတယ်။ ပြန်လှည့်ပြေးသွားကြတယ်” လို့ဆိုပါတယ်။
အခု စစ်တပ်အထိုင်ချထားတဲ့ စမ်းမြို့ရွာဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းက ရွာလုံးကျွတ်မီးရှို့ခံထားရတဲ့ရွာတရွာဖြစ်ပါတယ်။ စမ်းမြို့နဲ့မြင်သားရွာဟာ သုံးမိုင်ဝန်းကျင်လောက် ကွာဝေးပါတယ်။
“မနေ့ကတော့ ရဟတ်ယာဥ်တစ်စီး ဝဲလာသေးတယ်။ သူတို့က လေကြောင်းကူမျော်နေကြပုံရတယ်။ ကျမတို့မြစ်သာအရှေ့ဘက်ကမ်းကို သူတို့လေကြောင်းမပါဘဲနဲ့ စစ်ကြောင်းမထိုးရဲလောက်ဘူး” လို့ မြင်သားရွာတောင်ဘက်မှာရှိတဲ့ အလယ်ရွာသူတစ်ဦးက ဆိုပါတယ်။
ဇွန်လ ၂၉ ရက်နေ့ မနက်စောစောပိုင်းမှာ ဒေသခံ pdf တွေက တောင်ခင်ရန်းရဲစခန်းကို လက်နက်ကြီးတွေနဲ့ ဒရစပ်ထုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ တောင်ခင်ရန်းရဲစခန်းက ရဲ ၈ ဦး သေဆုံးခဲ့ပါတယ်။
ဇွန်လ ၃၀ ရက်နေ့မှာတော့ အကြမ်းဖက်စစ်တပ်တွေဟာ ဟံသာဝတီရွာအရှေ့ဘက်လမ်းအတိုင်း မြစ်သာမြစ်ကို ကျောက်ပြုတ်ရွာ တံတားအတိုင်းကူးပြီး ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်း၊ ကျောက်ပြုတ်ရွာက ပျူစောထီးတွေပါအင်အားဖြည့်ပြီး စမ်းမြို့ရွာမှာ အထိုင်ချထားတာဖြစ်ပါတယ်။
စစ်ရေးတင်းမာနေတဲ့အခြေအနေကြောင့် ဒေသခံအများစုဟာ စစ်ရှောင်ဖို့ ပြင်ဆင်နေကြပြီး ၊ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။