မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးကို စွပ်စွဲပြီးဖမ်းဆီးခဲ့သူ လေးဦးကို ရှင်းလင်းမယ်လို့ UG အဖွဲ့ထုတ်ပြန်

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဥ်မြို့တော်၌ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျား အဖွဲ့ဝင်တစ်ဦးကို သူခိုးလို့စွပ်စွဲကာ ဝိုင်းဝန်းဖမ်းဆီးရာတွင် ဦးဆောင်သူ လေးဦးကို ရှင်းလင်းသွားမည်ဟု Special Ninja Force အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။
“အကြွေးဆိုတာယူပြီးရင် ဆပ်ရတယ်။ UG ရဲဘော်အတွက် ယုဇနမှာ အကြွေးလာယူမယ်” ဟု Special Ninja Force က သတိပေးလိုက်တာပါ။
အဆိုပါ ဦးဆောင်သူလေးဦးမှာ ယုဇနဥယျာဉ်မြို့တော် (၁၀) လမ်း (အေ) ၏ ရာအိမ်မှူး ဗလကြီး(ခ)အောင်ကျော်မင်း၊ (၁၂) လမ်း (အေ) ရှိ ရွှေပိုးကုန်စုံဆိုင်ပိုင်ရှင်၊ ရိုက်နှက်ရာတွင်ပါဝင်သည့် ဘီးကျဲ ဆိုသူနှင့် (၈) လမ်း (ဘီ) အရက်ဆိုင်မှ အောင်လေးဆိုသူတို့ဖြစ်သည်ဟု Special Ninja Force က ထုတ်ပြန်အသိပေးထားပါတယ်။
“ဒီကောင်တွေ မဟုတ်တရုတ်တွေအော်လို့၊ အိမ်ဖောက်သူလိုလို၊ သူခိုးလိုလို၊ ရိုက်ပြေးသူလိုလိုအော်လို့ ရဲဘော်လေးကို ဝိုင်းဖမ်းကြ ရိုက်ကြတယ် မိသွားတယ်”လို့ Special Ninja Force က ပြောသည်။
ထိုသို့ ဝိုင်းဝန်းဖမ်းဆီး ရိုက်နှက်ခံရစဥ် UG အဖွဲ့ဝင်ရဲဘော်မှာ “ကျွန်တော်ကိုသာ သတ်လိုက်ကြပါတော့” ဟု ပြောဆိုခဲ့တယ်ဆိုတာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာပါ။
ဇွန်လ ၂၆ ရက် ည ၇ နာရီခန့်က ယုဇနဥယျာဥ်မြို့တော် (၁၀)လမ်း(အေ)ရှိ တိုက်အမှတ်(၁၆)မှာ လက်လုပ်မိုင်းများ ရွှေ့ပြောင်းရာမှ တိုက်ခန်းအတွင်းမှာ ပေါက်ကွဲသွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးထွက်ပြေးခဲ့ရတာပါ။