တုံရွာသစ်မှာ အကြမ်းဖက်စစ်အုပ်စု မြေမြုပ်ခဲ့တဲ့ရုပ်အလောင်း နှစ်လောင်းတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ တုံရွာသစ်မှာ အကြမ်းဖပ်စစ်အုပ်စုက သတ်ဖြတ်ပြီး မြေမြုပ်ထားခဲ့တဲ့ ဒေသခံရုပ်အလောင်းနှစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကဇွန်လ ၂၇ ရက် ညနေ ၆ နာရီအချိန်က ကျေးရွာအတွင်း အပုတ်နံ့ရတာကြောင့် ကျေးရွာသားတွေက လိုက်လံရှာဖွေရာမှာ ရွာရဲ့ရွှေအိုးကြီးဘုရားမြောက်ဖက်မှာ ရုပ်အလောင်းနှစ်လောင်းကို ထပ်လျှက်တွေ့ရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွှေအိုးကြီးဘုရားမြောက်ဖက်မှာ အပုပ်နံ့ရလို့သွားကြည့်တော့ အလောင်းတွေ့ရတယ်။ ညအမှောင်ဖက်အချိန်ရောက်တာရယ် ခြုံတွေထူထပ်တာရယ် မိုင်းတွေထောင်ထားမှာစိုးတာရယ်ကြောင့် အနားမကပ်ဝံ့ကြဘူး” လို့ ဒေသခံကျေးရွာသားတစ်ဦးက ပြောပါတယ်။
သေဆုံးသူနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်က တုံရွာမကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုဖမ်းဆီးခဲ့တဲ့ ဒေသခံ ၅ ဦးထဲက နှစ်ဦးရဲ့ရုပ်အလောင်းဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
“အလောင်းက ၂ လောင်းတွေ့ပြီး လောက်တွေတက်ပြီးရုပ်ပျက်နေပြီ။ ပျောက်နေခဲ့တဲ့သူတွေကတော့ ပေါက်စနဲ့ ကျင်ဝှက် ၂ ဦးပါ။” လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဒေသခံကျေးရွာသားတွေက ရုပ်လောင်းတွေကို ကောင်းမွန်စွာနဲ့ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၅ ရက်က လူငယ်တစ်ဦးကို ဖုန်းအတွငမှာမသင်္ကာစရာတွေ့တယ်ဆိုပြီး သတ်ဖြတ်ခဲ့သေးတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။