တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာမှာ မနေ့က ဇွန်လ ၂၆ ရက်၊ ည ၁၁ ခွဲခန့်မှာ အသက် ၆၁ နှစ်အရွယ် လင်မယားနှင့်အတူ ဂေါ့အင်းကျေးရွာရှိ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို အကြမ်းဖက်စစ်အုပ်စုတပ် အပေါင်းအပါတွေက ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ ထားဝယ်ခရိုင် မှထုတ်ပြန်လိုက်ပါတယ်။
ကဒက်ကြီးရွာမှ ပစ်ခတ်သတ်ဖြတ်ခံရသူနှစ်ဦးမှာ ဉီးသောင်းဝင်း နှင့် ဒေါ်ဝင်းအေး (ခ) မိကြုံးတို့ ဖြစ်ကြပြီး လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်း၊ ဝမ်းဗိုက်၊ ခါးနှင့် မျက်လုံးတို့ကို အကြမ်းဖက်စစ်တပ်က အနီးကပ်ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စု အင်အား ၁၅ ဦးခန့်လောက်ဟာ ကား ၂ စီးဖြင့် ကဒက်ကြီးကျေးရွာကို ရောက်ရှိလာ ပြီး နေအိမ် ၅ လုံးကို ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့သလို လင်မယား ၂ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ရွာရှိ အခြားနေအိမ်တွေကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး တန်ဖိုးကြီးပစ္စည်းအချို့နှင့် ပိုက်ဆံတွေကိုလည်း မတရား ယူဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုများကို လောင်းလုံးမြို့မှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များ(စရဖ)၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပန္ဒလဲကျေးရွာတွင် စခန်းချ ထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
အကြမ်းဖက်စစ်အုပ်စုနှင့် ပျူစောထီးအဖွဲ့ဝင်တွေကြောင့်လောင်းလုံးမြို့နယ် အတွင်း ဇွန်လ ၁၆ ရက်ကနေ ၂၆ ရက်အထိ ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။