ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ပြောင်းရွှေ့မှု အမေရိကန်ရှုတ်ချ

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ပြောင်းရွှေ့မှု အပေါ် အမေရိကန်ကရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံဒီမို ကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ ဒဲရစ်ချောလက်က ပြောကြားလိုက်ပါတယ်။
ဒဲရစ်ချောလက်က ဇွန်၂၄ရက်နေ့မှာ အဲဒီလိုပြောကြားလိုက်တာပါ။
အကြမ်းဖက်စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကလျှို့ဝှက်နေရာတစ်ခုမှာထိန်းသိမ်းထား ရာကနေ ဇွန်လ၂၂ရက်နေ့က နေပြည်တော်အချုပ်ထောင်ဆီ ပြောင်းပို့ခဲ့ခြင်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ပြောင်းပို့ရာမှာ သူနဲ့အတူနေအားလုံးလိုက်ပါခွင့်မရဘဲ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကိုသာ ပို့ဆောင်ခဲ့တာပါ။
အဲဒီလိုထောင်ထဲ ပြောင်းရွှေ့လိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဓာတ်ရေးရာအရ ပြိုလဲသွားအောင် တိုက်စစ်ဆင်ဖို့ ကြိုးစားနေတာလို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ (HRW) အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က ပြောခဲ့ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိ သူ Stéphane Dujarric ကလည်း စစ်အုပ်စုရဲ့အဲဒီလုပ်ရပ်အပေါ် အလွန်စိုးရိမ်မိကြောင်းဇွန်၂၃ရက်နေ့၊နယူးယောက်ကုလရုံးချုပ်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။