မြို့လှ ဒေသခံ ၆ ဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့က ဒေသခံပြည်သူ ၆ ဦးကို အကြမ်းဖက်စစ်တပ်က ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
ဇွန် ၂၂ ရက်နေ့က မြို့လှမြို့၊ အမှတ် ၅ ရပ်ကွက်နေ ကိုဝေလင်းဦး ၊ ၂၃ ရက်နေ့မှာ အမှတ် (၅) ရပ်ကွက်၊ Life 2 လက်ဖေးရည်ဆိုင်က ကိုဒေဝါးနားနဲ့ သူ့ရဲ့တူတော်သူ အဂျဲ၊ ဆက်လက်ပြီး NLD ပါတီ၀င် ဦးစိန်လှိုင်နဲ့ ကိုရဲမြင့်ဦးတို့ကို ‌ဖမ်းဆီးခဲ့ကာ ၂၄ ရက်နေ့ ညပိုင်းမှာ ၃ ရပ်ကွက် ကျွန်းပင်စုရွာနေ မဆွေမွန်အောင်ကို ထပ်မံဖမ်းဆီးခဲ့ကြောင်း Yedashae Township Informations ကဒီကနေ့ထုတ်ပြန်ပါတယ်။
ဖမ်းဆီးတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရှိရသေးပေမဲ့ မဖမ်းဆီးခင် နှစ်ရက်အလိုက ရေတာရှည်မြို့ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းနိုင်ကို ရှင်းလင်းသူတွေဟာ မြို့လှကဖြစ်တယ်လို့ စစ်အုပ်စုက သတင်းလွှင့်ထားကြောင်း Yedashae Township Informations က ထုတ်ပြန်ထားပါတယ်။
ရေတာရှည်မြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဟာ ဇွန်၁၉ရက်နေ့ မနက်၁၀နာရီခွဲလောက်က
ရေတာရှည်မြို့ပေါ် အမှတ် (၄) ရပ်ကွက် ဓာတ်တော်လမ်းဘေးက သူပိုင်ဆိုင်တဲ့ ကွမ်းယာဆိုင်မှာ ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နားဖူးကျည်ဖောက်ဒဏ်ရာနဲ့ ကွမ်းယာခုံဘေး ပွဲချင်းပြီး သေဆုံး ခဲ့ပါတယ်။
ဦးဝင်းနိုင် ပစ်ခတ်ခံရပြီး နောက်တနေ့မှာ ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဇွန်လ ၁၉ ရက်နေ့ ညနေ ၆ နာရီလောက်ကလည်း ရေနီမြို့၊ ဝါးရုံလဲကျေးရွာ ရာအိမ်မှူးလည်း ပစ်ခတ်ခံခဲ့ရပါတယ်။