Spring Bridge Online School မှာ နောက်ထပ်ကျောင်းသား ၁၀၀၀ လောက် ထပ်မံလက်ခံမယ်

Spring Bridge Online School မှာ ဒုတိယအသုတ်အဖြစ် နောက်ထပ်ကျောင်းသား ၁၀၀၀ လောက်ကို လက်ခံ သင်ကြားပေးမယ်လို့ သိရပါတယ်။
၂၀၂၂၊ ဇွန် ၆ ရက်နေ့က စတင်ကာ ကျောင်းသား ၁၁၂၀ ဦးကို လက်ခံသင်ကြားပေးနေပြီး ဒုတိယအသုတ်အဖြစ် လာမယ့်ဇူလိုင်မှာ ထပ်မံကျောင်းအပ်လက်ခံသွားမယ်လို့ Spring Bridge Online School ကျောင်းအုပ် ဒေါက်တာဘိုင်အိုကပြောပါတယ်။
‘မြန်မာနိုင်ငံသားကလေးမှန်ရင် လက်ခံပါတယ်။ အခုလည်း တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးက ကျောင်းသားတွေကိုသင်ကြားနေတာပါ။ ခုလောလောဆယ် ဆရာဆရာမ ၆၂ ဦး နဲ့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် နေ့စဉ်နေ့ရောညပါ မနားမနေ သင်ကြားအားထုတ် ကြိုးစားအလုပ်လုပ်ပေးနေပါတယ်။ ထပ်မံတိုးချဲ့မည့် အစီအစဉ်အတွက် ဆရာဆရာမအသစ်များ စုဆောင်းကာ ကြိုတင်လေ့ကျင့်မှုများဆောင်ရွက်နေပြီဖြစ်ပါတယ်။ နိုင်ငံကျော်အနုပညာရှင်များကလည်း အပတ်စဉ်စိတ်ဓာတ်မြှင့်တင်ရေး သင်ခန်းစာများကို ကျောင်းသားများနဲ့ လာရောက်တွေ့ဆုံအားပေးလျက်ရှိပါတယ်’ လို့ ဒေါက်တာဘိုင်အိုက ဆိုပါတယ်။
ကျောင်းချိန်မှာ တနင်္လာကနေ သောကြာအထိ မူလတန်းနဲ့အလယ်တန်းတွေကို နေ့စဉ်စာသင်ချိန် ၅ နာရီနဲ့ အထက်တန်းအဆင့်ကို နေ့စဉ် ၆ နာရီသတ်မှတ်သင်ကြားပေးနေပါတယ်။
Spring Bridge Online School ဟာ ကျောင်းသားမိဘတွေဆီကနေ ငွေကြေးလုံးဝကောက်ခံခြင်းမရှိတဲ့ ရာနှုန်းပြည့်အခမဲ့ကျောင်းဖြစ်ပြီး New Myanmar Foundation ရဲ့အစီအစဉ်နဲ့ တည်ထောင်ဖွင့်လှစ်ထားတာပါ။