ခရမ်းက အိမ်တစ်အိမ်ကို လက်နက်ကိုင်တစ်စု ဓားပြဝင်တိုက်၊ ကျပ်သိန်း ၇၀ နဲ့ ရွှေ ၆ ကျပ်သားယူသွား

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊အိုးဝကျေးရွာက နေအိမ်တစ်အိမ်ကို အမည်မသိ လက်နက်ကိုင်တစ်စု က ဝင်ရောက်ဓားပြတိုက်ကာ ကျပ်သိန်း ၇၀ နဲ့ ရွှေ ၆ ကျပ်သားယူသွားကြောင်း သိရပါတယ်။
ဒီနေ့မနက် ၁ နာရီလောက်က အိုးဝကျေးရွာနေ ဦးလှထွေး၊ဒေါ်အေးညိုတို့ရဲ့နေအိမ်ကို အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားသူတွေက ဓားပြဝင်တိုက်ခြင်းဖြစ်ပြီး PDF အယောင်ဆောင်ကာ စစ်တပ်က ဓားပြဝင်တိုက်ခြင်းဖြစ်တယ်လို့ ရပ်ရွာလူထုကပြောကြကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
‘အိမ်ရှင်တွေကို ကြိုးတုပ်ပြီး ငွေကသိန်းခုနှစ်ဆယ် ၊ရွှေခြောက်ကျပ်သား ယူသွားပါတယ်။ ဓားပြမတိုက်ခင် နှစ်ရက်အလိုလောက်က အဲ့အိမ်ရှေ့ကို လူတစ်ဦးဖြတ်သွားဖြတ်လာ ခဏခဏလုပ်နေတာတွေ့တယ်။ အိမ်ကိုလည်း ကြည့်ကြည့်သွားတယ်။ သေချာပါတယ် ။ဒါစစ်တပ်က လုပ်တာပါ၊ သေနတ်တွေနဲ့ လာဓားပြတိုက်သွားတာ၊ PDF ကိုပုံဖျက်ဖို့ ကြိုးစားနေတာပါ” ဟု ရွာခံပြည်သူတစ်ဦးက ပြောကြောင်း ခရမ်းချန်နယ်ကဆိုပါတယ်။
ဓားပြတိုက်သူတွေဟာ PDF တွေလိုမျိုး ဘေးလယ်အိတ်လွယ်ပြီး လာတာလို့ သိရကြောင်း ခရမ်းPDFရဲဘော်တစ်ဦးကပြောပါတယ်။
‘စစ်တပ်က အရင်ဆုံး ကင်းထောက်ချထားတယ်။ အိမ်မေးတယ်။ ပြီးတော့ဝင်တိုက်သွားတယ်လို့ကြားတယ်။ PDF ဆိုတာ ပြည်သူကိုကာကွယ်ဖို့ပါ။ ပြည်သူ့ချွေးနည်းစာကို ဘယ်တော့မှမယူပါဘူး၊ ဒီလိုရုပ်ညံ့တဲ့လုပ်ရပ်ဟာ စစ်ခွေးတွေရဲ့လုပ်ရပ်ပဲ’လို့ ခရမ်းPDF တာဝန်ရှိသူတစ်ဦးကပြောကြောင်း ခရမ်းချန် နယ်ကဖော်ပြပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ခရမ်းမြို့နယ်ထဲ စစ်သတင်းပေး၊ပျူစောထီး၊သွေးသောက်ဆိုသူတို့နဲ့ပေါင်းကာ မူးယစ်ဆေးဝါး၊လောင်ကစားစတဲ့ တရားမဝင်လုပ်ငန်းတွေဆီက ဆက်ကြေးကောက်နေသလို အခုလည်း နယ်မြေခံ စစ်သတင်းပေးတွေရဲ့ လက်ထောက်ချမှုနဲ့ ဓားပြတိုက်ခြင်းဖြစ်နိုင်ကြောင်း ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
‘ဓားပြတိုက်လို့ငွေလည်းရ၊PDFကိုလည်း ထိုးချ။အဲလိုလုပ်ချင်တာ။ဒါပေမဲ့ ခရမ်းပြည်သူတွေအကုန်လုံးက PDF တွေဒါမျိုးဘယ်တော့မှ မလုပ်ဘူးဆိုတာ သိပြီးသားပါ’လို့ သူကဆက်ပြောပါတယ်။