NUG ပြောတဲ့ PDF ထိန်းချုပ်နယ်မြေ

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲကိုဇွန်၂၁ရက်နေ့မှာ ကျင်းပခဲ့တယ်။ အဲ ဒီသတင်းစာရှင်းလင်းပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်တွေ၊မေးခွန်းထုတ်စရာကောင်းတဲ့ အချက် အလက်တွေနဲ့ အားရကျေနပ်စရာကောင်းတဲ့အချက်အလက်တွေကို တွေ့ရတယ်။

အားရကျေနပ်စရာကောင်းတဲ့အချက်ကနေစပြောရမယ်ဆိုရင် NUGအစိုးရ၊စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ ဉာဏ်စွမ်းရှိရှိ၊ဇွဲလုံ့လကြီးစွာနဲ့ ဘဏ္ဍာငွေရှာဖွေနိုင်စွမ်းပဲဖြစ်ပါတယ်။စီမံ/ဘဏ္ဍာ က ပြည်သူတွေလှူကြပါဆိုပြီး အင်မတန်ရိုးစင်းလှတဲ့ လက်ဝါးဖြန့်အလှူခံခြင်းမျိုးကိုစွန့်ကာ ငွေတိုက်စာချုပ် တွေထုတ်ရောင်းတာမျိုး၊ဟိုငနဲ မင်းအောင်လှိုင်မတရားသိမ်းထားတဲ့ ပြည်သူပိုင်ခြံ ၁၄/အင်လျားကို လေလံ တင် ရှယ်ယာထုတ်ရောင်းတာမျိုး။ငွေတိုက်စာချုပ်နဲ့အိမ်လေလံရှယ်ယာဝယ်ယူထားသူတွေက တစ်ချိန် နွေ ဦး တော်လှန်ရေးအောင်မြေနင်းပြီးတဲ့အချိန်ကျရင် ကိုယ့်ဝယ်ယူထားမှုတွေ ပြန်ရောင်းချင်ရောင်း၊လှူချင်ပြန်လှူ။ တော်လှန်ရေးအတွက် ကိုယ့်တတ်နိုင်ငွေကို ခဏစိုက်ထားပေးတဲ့သဘောမျိုး။

၁၄/အင်းလျားကို စတင်ရောင်းချတော့မယ်ဆိုတော့ အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship- EOD)ပရောဂျက်လို့အမည်ပေးလိုက်တယ်။၁၄/အင်းလျားဆိုတာ EODရဲ့ ပထမဆုံးပရောဂျက်။ တစ်ပြိုင်နက်မှာပဲ EOD ဖေ့စ်ဘွတ်ခ်စာမျက်နှာထွက်ပေါ်လာတယ်။အဲဒီခြံကိုမရောင်းချမီအချိန်ကတည်းက EOD ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကနေ ပြည်သူပိုင်အိမ်ပြန်လည်သိမ်းဆည်းရေးအပေါ် ပြည်သူတွေရဲ့ဆန္ဒက ဘယ်လိုရှိပါသလဲလို့ ပြည်သူ့အမြင်ကို သွေးတိုးစမ်းရင်း လှုံ့ဆော်တယ်။၁၄/အင်းလျားကိုစတင်ရောင်းချပြီဆို တော့ ၂၄နာရီအတွင်းဒေါ်လာ၇သိန်းကျော်ဖိုးရောင်းချလိုက်ရပြီဆိုတာနဲ့ စဖွင့်လိုက်တယ်။ဆက်တိုက်ဆိုသလို ၄၈နာရီအတွင်း ရောင်းချရမှု ဘယ်လောက်……။

EOD ရဲ့အရေးအသားတွေကိုကြည့်လိုက်ရင်လည်း လူစိတ်ဝင်စားအောင်၊ရသပါအောင် သေချာစာရေး တတ်သားတတ်သူက ရေးထားမှန်းသိသာတယ်။ဥပမာ-ခေါင်းစယ်ပေးတာကအစ ‘ပထမ တစ်သန်း’၊ ‘၃ရက်-၂ သန်း’စသဖြင့် ထိထိမိမိ။EOD ပေ့ချ်ကို ပရော်ဖယ်ရှင်နယ်ရေးနိုင်သားနိုင်လှုံ့ဆော်နိုင်စွမ်းရှိတယ်။ထပ်ပြောရ မယ်ဆိုရင် NUG နဲ့ပတ်သက်သမျှ ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေလို အင်မတန်ပျင်းရိဖွယ်ကောင်းလှတဲ့ MRTV အရေး အသားမျိုးမဆန်။ဒါ့ထက်ပိုထပ်ပြောရရင်တော့ NUG ဆိုင်ရာဖေ့စ်ဘွတ်ခ်စာမျက်နှာတွေအနေနဲ့ EOD ပေ့ချ်ကို နမူနာယူကာ ကျွမ်းကျင်သူတွေခန့်အပ်ပြီး လူအများဖတ်ချင်စဖွယ် ပေ့ချ်မျိုးဖြစ်အောင် လုပ်သင့်ကြောင်းပါ။

အခုလည်း EOD ပရောဂျက်ရဲ့ နောက်ထပ်အစီအစဉ်တွေအဖြစ် မင်းအောင်လှိုင်မတရားသိမ်းထားတဲ့ နောက်ထပ်အိမ်တစ်လုံးထပ်ရောင်းချမယ့်အစီအစဉ်နဲ့ ရန်ကုန်မြို့ အချက်အချာကျတဲ့နေရာက မတရားသိမ်း ထားတဲ့ တပ်‌မြေတချို့ကို နွေဦးတော်လှန်ရေး အထိမ်းအမှတ်ပန်း ခြံ အပါအဝင် စိမ်းလန်းဧရိယာ (Green Area) တစ်ခုအဖြစ် ဆောင်ရွက်မယ့် စီမံကိန်း အဆိုပြုလွှာခေါ်ယူမယ်လို့သိရတယ်။

ဇွန်၂၁ရက်နေ့သတင်းစာရှင်းလင်းပွဲကနေ သိရတာက တော်လှန်ရေးအသုံးစရိတ်အဖြစ် လစဉ် အမေ ရိကန်ဒေါ်လာ၁၀သန်းရရှိဖို့လိုအပ်နေတယ်ဆိုတော့ ရန်ပုံငွေရှာဖွေနေရတဲ့ NUGစီမံ/ဘဏ္ဍာ အတွက်က တော် တော့်ကိုမလွယ်။ငွေတိုက်စာချုပ်ရောင်းတာအပြင် EODပရောဂျက်အပြင် နောက်ထပ်ရန်ပုံငွေရနေတဲ့နည်း လမ်းက ‘စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယား ရဲ့ ONE DAY CHALLENGE လှုပ်ရှားမှုလိုမျိုး NUGအစိုးရကိုလစဉ်ကန်ဒေါ်လာတစ်သိန်းလှူဒါန်းမှုမျိုးသာ ရှိလိမ့်မယ်လို့ထင်တယ်။

လစဉ် ကန်ဒေါ်လာတစ်သိန်းလှူဒါန်းနိုင်ဖို့ဆိုတာက မလွယ်။အဲဒီလိုမလွယ်တဲ့ငွေကို ကိုရီးယား ရောက်မြန်မာတွေက ဘာ့ကြောင့်လှူဒါန်းနိုင်ကြပါသလဲ။တောင်ကိုရီးယားရောက်မြန်မာတွေလို တခြားဖွံ့ ဖြိုးပြီးနိုင်ငံရောက်မြန်မာတွေက မနည်းမနော။သူတို့ကရော တစ်ရက်လုပ်ခငွေကို တော်လှန် ရေးအတွက် တစ်စုတစ်စည်းတည်း ထည့်ဝင်လှူဒါန်းတာမျိုးဘာ့ကြောင့် မလုပ်နိုင်ကြပါသလဲ။အများအား ဖြင့် မလှူဒါန်း ချင်လို့ မလှူတာမဟုတ်လေတော့ သေချာအဖြေရှာကြဖို့ လိုသလို လက်တွေ့ဖော်ဆောင်နိုင်အောင်ကြိုးစား ကြ ဖို့လည်းလိုအပ်ပါမယ်။ပြောရရင် ကိုရီးယားရောက်မြန်မာတွေရဲ့ ONE DAY CHALLENGE ကိုစံအဖြစ် ထားပြီး မြန်မာများတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကနေ လစဉ်တော်လှန်ရေးရန်ပုံငွေရရှိရေးကို အပူတပြင်းအဖြေရှာ ဖော်ဆောင် ကြမယ်ဆိုရင် ပုံမှန်ရန်ပုံငွေရရှိရေးတွေ တိုးပွားလာမယ်လို့ ထင်ရပါတယ်။

အခုဆိုရင် ငွေတိုက်စာချုပ်နဲ့ ၁၄/အင်းလျားရောင်းရငွေ စုစုပေါင်းအမေရိကန်ဒေါ်လာ ၄၅သန်း။အဲဒီ ၄၅သန်းရဲ့ ၉၅ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲကနေသိရ တယ်။ ကာကွယ်ရေးအသုံးစရိတ်ဆိုတာ မဟာမိတ်တွေနဲ့မျှဝေသုံးစွဲခြင်း၊ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး မှာ  သုံးစွဲခြင်းနဲ့ PDF တွေကို လက်နက်တပ်ဆင်ပေးခြင်း တို့ပါဝင်တယ်လို့လည်းဆိုတယ်။

ဒါပေမဲ့၊ဒီနေ့ထိတိုင် NUG ရဲ့ လက်နက်တပ်ဆင်ပေးနိုင်မှုဟာ အနည်းဆုံးလိုအပ်ချက်ပြည့်မီရေးကို ဆောင်ရွက်နေတုန်းပဲလို့လည်း သိရတယ်။အနည်းဆုံးလိုအပ်ချက်ဆိုတာ NUG အသိအမှတ်ပြုPDF စုစုပေါင်း ရဲ့ ရာခိုင်နှုန်းဘယ်၍ဘယ်မျှကို ဆိုလိုတာလဲကတော့ NUGအစိုးရသာသိရှိမယ်လို့ထင်တယ်။

ဒီနေ့အချိန်ထိကတော့ နေ့စဉ်ဆိုသလို တိုက်ပွဲဝင်နေရတဲ့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းက PDFဘယ်အ ဖွဲ့မဆို လက်နက်ရရှိရေးအတွက် ခေါင်းမီးတောက်လောက်အောင်ကို အလှူခံနေရတာချည်းပါပဲ။ပြီးတော့ NUG ပေးတဲ့လက်နက်ခဲယမ်းတွေ ရောက်ရှိလာပြီလို့ ထုတ်ပြောတဲ့PDFအဖွဲ့တွေကိုလည်းမတွေ့ရသေးပါဘူး။ (စစ်ရေးလျှိူ့ဝှက်ချက်မို့ ထုတ်မပြောတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။)ပြောရရင် PDFအဖွဲ့များစွာ ဟာ ကိုယ့်ဘာသာရန်ပုံငွေရှာပြီး တိုက်နေကြရတာဖြစ်သလို ကိုယ့်ဆီမှာရှိတဲ့ ကျည်အင်အားကိုကြည့်ကာ တိုက်ပွဲအရေအတွက်နဲ့တိုက်ပွဲကြာချိန်ကို ဆုံးဖြတ်နေကြရတာများပါတယ်။ဒါ့ကြောင့် ငွေကုန်သက်သာတဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းကိုသာ အဓိကအားပြုနေကြရပါတယ်။ပြီးတော့ စစ်ရေးစစ်ရာမှာလည်း တိုက်ပွဲအတွေ့ အကြုံအပေါ်အခြေခံကာ သင်ယူရင်းတိုက်နေကြရတာပါ။

အဲဒီလိုအခြေအနေမျိုးမှာ အကြမ်းဖက်စစ်တပ်က အစွမ်ကုန်ချေမှုန်းဖို့ကြိုးစားနေပေမဲ့ PDFတွေဟာ အင်အားလျော့ပါးသွားခြင်းမရှိရုံတင်မက ဆတိုးကိန်းတွေနဲ့ ဆက်လက်ကြီးထွားနေတာ နွေဦးတော်လှန်ရေးရဲ့ အောင်မြေကို လှမ်းမြင်နေရသလိုပါပဲ။

ဒါပေမဲ့၊ဇွန်၂၁ရက်သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့သလို  ‘စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း (မြောက်ပိုင်း)တို့ရှိ အဓိကလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် ကျေးရွာအများစုကို ၏ ၈၀ ရာခိုင်နှုန်း ကိုPDF များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်သည်’ ဆိုတဲ့စကားကတော့ တကယ့်အဖြစ်မှန်နဲ့ လှမ်းနေသေးပုံပါ ပဲ။

ဘာ့ကြောင့်လဲဆိုတော့ NUGပြောတဲ့ အဓိကလမ်းမကြီး ရာခိုင်နှုန်း၉၀နဲ့ ကျေးရွာရာခိုင်နှုန်း၈၀ တို့ကို PDFစိုးမိုးထားနိုင်တာမှန်နိုင်ပေမဲ့ ထိန်းချုပ်ထားနိုင်ခြင်းမရှိသေးလို့ပါပဲ။စစ်တပ်ကစစ်ကြောင်းထိုးလာပြီလို့ ကိုယ်စိုးမိုးထားတဲ့နယ်မြေကို ကာကွယ်နိုင်စွမ်းမရှိသေးတာ ထိန်းချုပ်နိုင်စွမ်းမရှိသေးကြောင်းသက်သေခံနေပါ တယ်။

စစ်ကိုင်းနဲ့မကွေးတိုင်းက PDFတွေဟာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းမရှိ သေးပါဘူး။ထိပ်တိုက်ရင်မဆိုင်နိုင်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ လက်နက်အင်အားမယှဉ်နိုင်ခြင်း ကြောင့်ပါပဲ။နောက်ထပ်အရေးပါတဲ့အချက်တွေကတော့ နယ်မြေအလိုက် အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်း အောက် စုစည်းထားနိုင်မှုနဲ့ စစ်ရေးကျွမ်းကျင်တဲ့ခေါင်းဆောင်မှု အားနည်းနေသေးတာနဲ့လည်း သက်ဆိုင်မယ် လို့ထင်ပါတယ်။

ဒါ့ကြောင့် စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို မိုင်းဆွဲတာ၊မိုင်းဆွဲပြီးဖရိုဖရဲဖြစ်နေတဲ့စစ်တပ်ကို လျှပ်တ ပြတ်ဝင်တိုက်ပြီး ပြန်ဆုတ်တာ၊နယ်မြေကျွမ်းကျင်မှုအားသာချက်ကိုယူကာ အလစ်အငိုက်ဝင်တိုက်တာကိုသာ လုပ်ဆောင်နိုင်သေးသလို ရွာတွေကို စစ်တပ်မီးရှို့သမျှ ဘာမှမတုံ့ပြန်နိုင်သေးတာ PDFတွေရဲ့ဒီနေ့အရှိတရားပဲ ဖြစ်ပါတယ်။

ဘာ့ကြောင့်ဒါတွေကို ရေးပြနေရသလဲဆိုတော့ အရှိတရားကိုသိမှ ကိုယ်ဘာလုပ်ရမလဲဆိုတာကို မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်မှာမို့ပါ။ ပြီးတော့နွေဦးတော်လှန်ရေးရဲ့ရှေ့ဆောင် NUGအစိုးရအနေနဲ့ ပြည်သူကို မျှော်လင့်ချက်အမှားမျိုး မပေးမိစေဖို့လည်း သိပ်အရေးကြီးပါတယ်။

စစ်ကိုင်းနဲ့မကွေးတိုင်းက PDFတွေဟာ ကျောက်ဆောင်တွေကြားကရအောင်တိုးထွက်လာတဲ့ သစ် ပင်လို ခွန်ကုန်အားကုန်ရုန်းကန်အားတွေနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အဆင့် အခုရောက်ရှိခဲ့ ပြီဖြစ်တယ်။ဒီသစ်ပင် ဝေဆာလာအောင် စိမ်းလန်းလာအောင်ဆိုတာက NUGအစိုးရရဲ့ ထည့်ဝင်အားနဲ့သက် ဆိုင်ပါတယ်။NUGအစိုးရပြောတဲ့ PDFစိုးမိုးထိန်းချုပ်နယ်မြေ အမှန်တကယ်ဖြစ်ဖို့ရာ NUGအစိုးရရဲ့ အခန်းက ဏ္ဍ ကို PDFတွေစောင့်မျှော်နေကြပါတယ်။

ထွန်းလင်း