ထိုင်ဝမ်ရေလက်ကြားမှာ အမေရိကန်လေယာဉ် ပျံသန်းမှုကို တရုတ်ကန့်ကွက် 

Photo – Reuters

မကြာသေးမီက အမေရိကန်ရေတပ်ရဲ့လေယာဉ်တစ်စင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပျံသန်းတာဟာ ဒေသတွင်းအခြေအနေကို ရည်ရွယ်ချက်ရှိရှိအနှောင့်အယှက်ပေးတာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ တရုတ်စစ်တပ်က ဇွန်လ ၂၅ရက်မှာ ပြောပါတယ်။

ဇွန်လ ၂၀ရက်က ပြုလုပ်တဲ့ အမေရိကန်လေကြောင်းစစ်ဆင်ရေးကို စောင့်ကြည့်ဖို့ လေကြောင်းနဲ့ မြေပြင်တပ်ဖွဲ့တွေကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရှီရီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့လုပ်ရပ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်းနဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို တပ်လှန့်ထားဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အမေရိကန်ရေတပ်ဘက်ကတော့ ဘာမှတ်ချက်မှ မပေးခဲ့ဘူးလို့ သိရပါတယ်။

ထိုင်ဝမ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာနဲ့စီရင်ပိုင်ခွင့်ရှိတယ်လို့ တရုတ်က ဆိုထားပါတယ်။ အမေရိကန်နဲ့ထိုင်ဝမ်တို့ကတော့ တရုတ်နိုင်ငံကနေခွဲထုတ်ထားတဲ့ အဲဒီရေလက်ကြားဟာ နိုင်ငံတကာ ရေလမ်းတစ်ခုသာဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေခဲ့တာပါ။

ထိုင်ဝမ်ဟာ  တရုတ်လေယာဉ် ၂၂ စင်းကို သတိပေးဖို့ သူ့ရဲ့လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်း ဂျက်လေယာဉ်တွေ အရေးပေါ်ပျံသန်းခဲ့ပြီးနောက် တရုတ်နဲ့ထိုင်ဝမ်အကြား နောက်ထပ် တင်းမာမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။