PDF တွေရဲ့ ပစ်ခတ်မှုထပ်ခံရရင် သံတောင်မြို့ထဲ လက်နက်ကြီးနဲ့ပစ်မယ်လို့ စစ်တပ်ခြိမ်းခြောက်

PDF တွေရဲ့ ပစ်ခတ်မှုကို ထပ်မံခံရပါက သံတောင်မြို့ထဲကို လက်နက်ကြီးနဲ့ပစ်မယ်လို့ အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
ဇွန်လ ၂၂ ရက်နေ့မှာ ကရင်ပြည်နယ်၊ သံတောင်မြို့ရှိ ဘာသာရေးခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖတွေကို ပေလေဝေ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ အကြမ်းဖက်စစ်တပ်က ခေါ်ယူတွေ့ဆုံကာ အဲဒီလိုခြိမ်းခြောက်ခဲ့တာလို့ Taw Oo Karen News ကဖော်ပြပါတယ်။
စစ်တပ်က သံတောင်မြို့မှာ လုံခြုံရေးစစ်ဆေးနေစဉ် PDFတွေက ထပ်မံပစ်ခတ်ပါက သံတောင်မြို့အခြေအနေဟာ တခြားနေရာတွေကို အဆိုးဆုံးဖြစ်လာနိုင်တယ်လို့လည်း စစ်တပ်အရာရှိကပြောကြောင်း လည်း သိရပါတယ်။
ဇွန်လ၂၀ရက်နေ့က သံတောင်မြို့ စာတိုက်ရုံးအနီးစစ်ဆေးနေတဲ့ အကြမ်းဖက်စစ်တပ်ကို သံတောင်PDF စနိုက်ပါသမားက ပစ်ခတ်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သံတောင် PDF ကထုတ်ပြန် ထားပါတယ်။
၂ဝ၂၁ ခုနှစ် မကုန်မီကလည်း သံတောင်-ဘောဂလိမြို့ဆက်သွယ်ရေး လမ်းမှာမကြာခဏဆိုသလို အကြမ်းဖက် စစ်တပ် ကစောင့်ပစ်ခတ်ခံရသလို မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းကြောင့် ၁၆မိုင်စခန်းရှိစစ်တပ်အရာရှိတစ်ဦးနဲ့တပ်ဖွဲ့ဝင်တွေက ဥသျှစ်ကုန်း၊ ချောင်းနှစ်ခွ၊ မိုင် (၂၀) ရွာနဲ့ သစ်စေးတောင်ရွာရှိ ကျေးရွာ ရပ်မိရပ်ဖနဲ့ဘာသာရေးခေါင်းဆောင်တွေကို အခုလို ခြိမ်းခြောက်ခဲ့ဖူးကြောင်း Taw Oo Karen News ကဖော်ပြပါတယ်။