မန်းနိုင်ငံခြားဘာသာသင် တက္ကသိုလ် လက်ပစ်ဗုံးနဲ့ အပစ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မန္တလေးနိုင်ငံခြားဘာသာသင် တက္ကသိုလ်ကျောင်းကို လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့ရာ အဆောင်အမိုးသွပ်ပြားတချို့ ပျက်စီးခဲ့ကြောင်းသိရပါတယ်။
ဒီနေ့မနက် ၆ နာရီခွဲလောက်မှာ ဆိုင်ကယ်တစ်စီးပေါ်ကနေ အမည်မသိအမျိုးသားနှစ်ဦးက လက်ပစ်ဗုံးနဲ့ပစ်သွားခြင်းဖြစ်ပြီး ဆိုင်ကယ်ထားတဲ့ အဆောင်အမိုးတချို့ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
‘မနက်အစောကြီး ဘယ်သူမှမရှိသေးခင် လုပ်တာဆိုတော့ ခြောက်လှန့်တဲ့သဘောလို့ ထင်တယ်။ လူထိခိုက်မှုလည်းမရှိပါဘူး။ အဲဒီကျောင်းနားမှာ တိုင်းအစိုးရရုံးလည်းရှိတော့ စစ်သားတွေ ဝရုန်းသုန်းကားနဲ့ထွက်လိုက်ပေမဲ့ အစတောင်ရှာမရဘူး။ ပြီးတော့ ကျောင်းဝန်းကျင်လမ်းမကြီးတွေပေါ် တောင်စစ်မြောက်စစ်နဲ့ ပြည်သူကို ဒုက္ခပေးနေတယ်’ လို့ အောင်မြေသာစံ၊ အနှိပ်တော်ရပ်ကွက်နေ လူငယ်တစ်ဉီးကပြောပါတယ်။
လက်ပစ်ဗုံးပေါက်ကွဲတဲ့အသံကို ကျယ်လောင်စွာ ကြားခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။