ရန်ကုန်တိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အကြမ်းဖက်စစ်တပ်က ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးတာကြောင့် လက်ရှိအချိန်ထိ လူငယ် ၅၀ နီးပါးအဖမ်းခံထားရတယ်လို့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ထွေထွေသပိတ်ကော်မတီ GSC ရဲ့ အဖွဲ့ဝင်တစ်ဦးက DNA ကိုပြောပါတယ်။
“အခုဆိုရင် ဖမ်းဆီးခံရတဲ့လူငယ်တွေက ၄၀ကျော် ၅၀ နီးပါးရှိပြီလို့ သိရတယ်။အဲ့ဒီအထဲမှာ သပိတ်အဖွဲ့ဝင်တွေဆိုရင် ဘယ်နယောက်လောက်ပါလဲဆိုတာတော့မသိသေးဘူး။တခြားအဖွဲ့တွေဘက်က ဘယ်နယောက်လောက်ပါတယ်ဆိုတာတော့ တရားဝင်မထွက်သေးဘူး။”လို့ သူက ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ရန်ကုန်မှာရှိတဲ့ သပိတ်အဖွဲ့ဝင်တွေကို ဇွန် ၁၃ ရက်နေ့ညပိုင်းကနေစပြီး မနေ့က ဇွန်လ ၁၈ ရက် ညပိုင်းအထိ လူအင်အားအလုံးအရင်းနဲ့ အပြင်းအထန်ရှာဖွေဖမ်းဆီးခဲ့တာပါ။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ရန်ကုန်မြို့မှာ လုံခြုံရေးကို တင်းကြပ်ထားတဲ့အပြင် ယာဥ်တွေကို စစ်ဆေးတာ၊လမ်းသွားလမ်းလာတွေကို ခေါ်ယူစစ်ဆေးတာတွေအပြင် ညအချိန်မှာဆိုရင် ဧည့်စာရင်းကို အကြောင်းပြပြီး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
သပိတ်ကော်မတီတွေအနေနဲ့ အကြမ်းဖက်စစ်တပ်က နည်းအမျိုးမျိုးနဲ့ ရှာဖွေဖမ်းဆီးနေတဲ့ကြားကပဲ ဒီကနေ့ ဇွန် ၁၉ ရက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်ရဲ့မွေးနေ့မှာ ရန်ကုန်မြို့အလယ်လမ်းမပေါ်မှာ ဆန္ဒပြတောင်းဆိုတာတွေ လှုပ်ရှားခဲ့ကြပါတယ်။
– ပုံအဟောင်း အသုံးပြုထားခြင်း ဖြစ်ပါသည်။