စစ်တပ်ချန်ထားခဲ့တဲ့ ဗုံးသီးပေါက်ကွဲလို့ ၇ နှစ်အရွယ် ကလေး ၂ ဦးသေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးစဉ် ချန်ထားခဲ့တဲ့ ၄၀(မမ) ဗုံးသီး ပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် ကလေး ၂ ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။
ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၅ နာရီလောက်မှာ ကန်ရွာအနောက်ဘက်၊ ကျောက်ဂူတောရ တောင်ဘက်တောတိုက်တစ်နေရာမှာ စစ်တပ်စစ်ကြောင်းထိုးစဉ် ချန်ရစ်ခဲ့တဲ့ ဗုံးသီးပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် မောင်ပြည့်စုံမောင်နဲ့မောင်မင်းထွဋ်ဇော်တို့ သေဆုံးခဲ့ကြောင်း ဂန့်ဂေါ PDF ကထုတ်ပြန်ပါတယ်။
ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်းတစ်လျှောက် တောတိုက်အတွင်းနဲ့ ကျေးရွာတွေထဲ ကျန်ခဲ့တဲ့ ဗုံးသီးတွေနဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို တွေ့ရှိပါကကလေးတွေ ကိုင်တွယ်ကစားတာမျိုး မလုပ်အောင် အထူးမှာကြားထားဖို့ ထုတ်ပြန်ထားပါတယ်။
ဗုံးသီးနဲ့ အန္တရာယ်ရှိပစ္စည်းတွေ တွေ့ရှိပါက မြို့နယ်အတွင်းရှိ ကာကွယ်ရေးအဖွဲ့တွေဆီ အသိပေးအကြောင်း ကြားဖို့လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းသွားရာတစ်လျှောက်မှာ ဗုံးသီးနဲ့ အန္တရာယ်ရှိပစ္စည်းတွေကို ရည်ရွယ်ချက်ရှိ ရှိ ချန်ထားခဲ့တာမျိုးရှိသလို ကျန်ရစ်ခဲ့တာမျိုးလည်း ရှိကြောင်း သိရပါတယ်။
ဒါ့အပြင် မပေါက်ကွဲဘဲ ကျန်ခဲ့တာမျိုးလည်းရှိတယ်လို့ ဂန့်ဂေါ PDF ကထုတ်ပြန်ပါတယ်။