တရက်နောက်ကျပြီးမှ တရားရုံးထဲမှာ မွေးနေ့ပွဲကျင်းပခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

Photo- Reuters
ဇွန်လ ၂၀ ရက်နေ့မနက်ပိုင်းက အမှုရင်ဆိုင်ရာ ဇဗ္ဗူသီရိမြို့နယ် ၊ နေပြည်တော်ကောင်စီဝင်းထဲက အထူးတရားရုံးထဲမှာပဲ သူမရဲ့ ၇၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ကိတ်ကို ခွဲပြီး မွေးနေ့ပွဲကျင်းပခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
မနက်ကိုး နာရီမှာ ကိတ်ခွဲတာဗျ၊ ခွဲပြီးတော့ ရှေ့နေတွေက အန်တီကို ကန်တော့ကြတယ်။ ကိတ်ခွဲစားတယ်။ ပြီးတော့ ပါလာတဲ့ လုံခြုံရေးတွေနဲ့ ကားဒရိုင်ဘာကို ကျွေးခိုင်းလို့ သွားပေးခဲ့တယ်။ အန်တီကတော့ ပြည်သူတွေ ကျန်းမာပါစေ၊ ကျေးဇူးတင်ပါတယ်လို့ ဆုတောင်းပေးသွားတယ်လို့ “ ဆိုပါတယ်။
မွေးနေ့ ကိတ်သုံးလုံးကို ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အတွက် စီစဉ်ပေးထားခဲ့တာ ဖြစ်ပြီး၊ ကိတ်တလုံးကို ခွဲပြီး ရှေ့နေတွေကို ကျွေးခဲ့သလို၊ ကျန်တဲ့ ကိတ် ၂ လုံးကို သူမရုံးထုတ်တဲ့ကားကို မောင်းတဲ့ ဒရိုင်ဘာ၊ ရဲလုံခြုံရေးနဲ့ အောက်ခြေဝန်ထမ်းတွေကို ကျွေးမွေးပြီး မွေးနေ့ပွဲ ကျင်းပခဲ့တာလို့ သိရပါတယ်။ ဒီမွေးနေ့ပွဲကို ရုံးထုတ်လာတဲ့ သမ္မတကြီးဦးဝင်းမြင့်နဲ့ လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးအောင်တို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ထမ်းဆောင်နေရင်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဖမ်းဆီးချုပ်နှောင်ပြီး တရားစွဲဆိုတာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၇ နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပြီး သူမရဲ့ မွေးနေ့ပွဲကို နိုင်ငံတဝန်းက ပြည်သူတွေ၊ တော်လှန်ရေး အင်အားစုတွေက အွန်လိုင်းစာမျက်နှာပေါ်နဲ့ လွတ်မြောက်နယ်မြေတွေ၊ ပြည်ပနိုင်ငံတွေမှာ စည်စည်ကားကား ကျင်းပခဲ့ကြတာကို တွေ့ရပါတယ်။