နိုင်ဂျီးရီးယား ဘုရားကျောင်းနှစ်ခု တိုက်ခိုက်ခံရပြီး ဝတ်ပြုသူ ၃ဦးသေဆုံး

Photo – AP

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကျေးလက်ဒေသရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ခုကို သေနတ်သမားတွေက ဇွန်လ ၁၉ရက်နေ့မှာ တိုက်ခိုက်ခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

ဝတ်ပြုသူတွေဟာ တစ်နေရာတည်းမှာရှိတဲ့  Maranatha Baptist နဲ့ St. Moses Catholic ဘုရားကျောင်းတွေမှာ ဇွန်လ ၁၉ရက်နေ့မနက်ပိုင်းက ဘုရားကျောင်းတက်ရောက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ တိုက်ခိုက်သူတွေရောက်လာပြီး ဝိုင်းထားလိုက်ကြတာလို့ ဘုရားကျောင်းအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။

ခါဒူနာ ပြည်နယ်က ရွာ ၄ ရွာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူတချို့ ပြန်ပေး ဆွဲခံရကာ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ တိုက်ခိုက်သူတွေကတော့ ထွက်ပြေးလွတ်မြောက် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ဂျီးရီးယားခရစ်ယာန်အသင်းအနေနဲ့  ဇွန်လ ၁၉ရက်နေ့တိုက်ခိုက်မှုကို  ရှုတ်ချခဲ့ပြီး နိုင်ဂျီးရီးယားရှိ ခရစ်ယာန်ဘုရားကျောင်းတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပစ်မှတ်တွေဖြစ်လာတယ်လို့ ပြောထားပါတယ်။

ခါဒူနာဘုရားရှိခိုးကျောင်းတိုက်ခိုက်ခံရမှုကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာနဲ့ ဘာကြောင့် တိုက်ခိုက်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ 

နိုင်ဂျီးရီးယားနိုင်ငံအများစုဟာ လုံခြုံရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ခါဒူနာဟာ အဆိုးရွားဆုံး ပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ခါဂ်ဂျူရူ ဒေသမှာ အနည်းဆုံး လူ ၃၂ ဦး သေဆုံးခဲ့ပြီး ရွာလေးရွာမှာ နာရီပေါင်းများစွာကြာတဲ့တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။