ယင်းမာပင်မြို့နယ်အတွင်း လက်နက်ကြီးအလုံး ၄၀ ကျော်ပစ်ခတ်၊ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးအလုံး၄၀ကျော်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးနေရကြောင်း သိရပါတယ်။
ဒီနေ့မနက် ပိုင်းမှာ အကြမ်းဖက်စစ်တပ်ဟာ ယင်းမာပင်ကနေ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက် ထွက်ဖို့ကြိုးစားနေပြီး ရှေ့ပြေးထွက်လာတဲ့ စစ်တပ်ဟာ ဒီနေ့မနက် ၆နာရီကနေ၁၀နာရီအတွင်း အင်ညင်းတောင်အနီး ရွှေတောင်ပေါ် နေရာယူကာ လက်နက်ကြီးနဲ့ အရပ်လေးမျက်နှာ ရွာတွေဆီ ပစ်ခတ်နေတယ်လို့ ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။
‘အခုတော့ အသံမကြားရတော့ဘူး။မနက်တုန်းကတော့ တောက်လျှောက်ကို လက်နက်ကြီးနဲ့ပစ်နေသံကြားခဲ့ ရတယ်’လို့ ယင်းမာပင်မြို့ပေါ်နေ တက်ကြွလူငယ်တစ်ဦးကပြောပါတယ်။
ဘယ်ရွာတွေထဲ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သလဲဆိုတာနဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရ သေးဘူးလို့ သူကဆက်ပြောပါတယ်။