မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်၊ ရဲနဲ့ပေါင်းနေတဲ့ သတင်းပေးဒလန်ဆိုသူကို သုတ်သင်ရှင်းလင်းခဲ့ရာ အနီးမှာရှိတဲ့ ပြည်သူတစ်ယောက် ထိခိုက်သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ရေးဘီလူးအဖွဲ့က မိသားစုကို ပြန်လည်တောင်းပန်လိုက်ပါတယ်။
“အရှည်ကြီးကို သုတ်သင်ရှင်းလင်းရာမှာ အရှည်ကြီးနဲ့အတူတွဲထိုင်နေတဲ့ ရေးမြို့ခံတစ်ဦး အရှည်ကြီးကို ပစ်တဲ့ကျည်ဆံကျွံသွားပြီးတော့ ထိမှန်ခဲ့တဲ့အတွက် ကျွန်တော်တို့တောင်းပန်ပါတယ်။ အဲ့ဒီအတွက်ကိုလည်း ကျွန်တော်တို့က အနူးအညွန့်ကို တောင်းပန်ပါတယ်။” လို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။
ရေးမြို့က ဇော်လတ်လက်ဖက်ရည်ဆိုင်မှာ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းက လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ အမျိုးသားနှစ်ယောက် သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
သေဆုံးခဲ့သူတွေဟာ ရေးမြို့မှာနေထိုင်တဲ့ ကိုကြည်ဟိန်းဆိုသူနဲ့ ကျုံလောင်းကျေးရွာနေသူ အရှည်ကြီး ဆိုသူတို့ ဖြစ်ပြီး ရေးဘီလူးအဖွဲ့က ဒလန်သတင်းပေးလုပ်နေတဲ့ အရှည်ကြီးဆိုသူကို လာရောက် သုတ်သင်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့လိုသုတ်သင်ရှင်းလင်းရာမှာ ကိုကြည်ဟိန်းဟာ အရှည်ကြီးအနားမှာရှိနေတာကြောင့် အရှည်ကြီးကိုပစ်လိုက်တဲ့ ကျည်ဆံကျွံပြီး ထိမှန်သေဆုံးခဲ့တဲ့အတွက် အနူးအညွန့်တောင်းပန်တယ်လို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ပြောကြားခဲ့တာပါ။
ရေးဘီလူးအဖွဲ့ဟာ ဇွန်လ ၁၆ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကဗျာဝကျေးရွာက ဒလန်မွန်လေးဆိုသူကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။