ယင်းမာပင်၊ ကျေးစာကျရွာကို စစ်တပ် ဝင်ရောက်မီးရှို့

ဒီနေ့မွန်းလွဲ ၁နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က ယင်းမာပင်မြို့နယ်၊ယမားတံတား မြောက်ဘက် ကျေးစာကျရွာကို ဝင်ရောက်မီးရှို့ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်တပ်ယူနီဖောင်းဝတ်ထားသူ ၂၅ ဦးတို့ ကျေးစာကျရွာထဲ ရောက်ရှိလာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်းအလောင်းတော်ကဿပနယ်မြေသတင်းက ထုတ်ပြန်ပါတယ်။
ယင်းမာပင်မြို့၊(ခ)ရပ်ကွက်နေပြည်သူတစ်ဦးက ‘အိမ်ဘယ်နှလုံး မီးလောင်သွားသလဲဆိုတာ မသိသေးဘူး။ ရွာသားတွေ အခုထိ ရွာထဲပြန်ဝင်ပြီလို့ မကြားရသေးဘူး။ဒေသခံတွေ ဖမ်းဆီးခံရတယ်လို့တော့ မရှိဘူးထင်တယ်’လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ရေကြည်ပင်ရွာ ဘက်ဆက်သွားနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောကြောင်း ထုတ်ပြန်ထားပေမဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မသိရသေးပါဘူး။