လောင်းလုံးမှာ စစ်အုပ်စုတပ်တွေ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးသေဆုံး

လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနဲ့ဂေါ့အင်းကျေးရွာမှာ ဇွန်လ ၁၆ ရက်နေ့ညပိုင်းနဲ့ ၁၇ ရက်နေ့ မနက်အစောပိုင်းတွေမှာ အကြမ်းစစ်အုပ်စုတပ်တွေဝင်ရောက် ပစ်ခတ်တာကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၂ လုံးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန်လ ၁၆ ရက်နေ့ ည ၁၀နာရီလောက်မှာ အကြမ်းစစ်အုပ်စုပ်သားတွေဟာ ဝေဒီကျေးရွာနေ ဒေါ်သန်းဌေး နေအိမ်ကို ဝင်ရောက်မီးရှို့ပြီး ပစ်ခတ်ခဲ့တာကြောင့် ဒေါ်သန်းဌေးမှာ သေနတ်ဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။
အလားတူ မနွယ်နီဌေးနေအိမ်ကို ဝင်ဖမ်းပြီး လမ်းမှာသေနတ်နဲ့ ပစ်ခဲ့လို့ မနွယ်နီဌေး ဒဏ်ရာပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
“ညက ဝေဒီနဲ့ဂေါ့အင်းကို စစ်ခွေးတွေ ဝင်သောင်းကျန်းသွားတာ ဒေသခံတွေက သေတဲ့သူသေ၊ ဒဏ်ရာရသူရနဲ့ နေအိမ်တွေလဲ မီးရှို့ခံရတယ်။ ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အလားတူ ဇွန် ၁၇ ရက်နေ့ မနက် ၁နာရီလောက်မှာ ဂေါ့အင်းကျေးရွာမှာ ဝင်ရောက်ပစ်ခတ် မီးရှို့တာကြောင့် မအေမီဖြိုးဝေမှာ နေရာမှာ သေဆုံးပြီး နေအိမ်မီးလောင်တာကြောင့် ဖခင်ဖြစ်သူ ဦးလှသောင်း မီးလောင်ဒဏ်ရာရခဲ့ပါတယ်။
စစ်အုပ်စုတပ်သားတွေရဲ့ သေနတ်ပစ်ခတ်သံတွေကြောင့် ဒေါ်ဥာဏ်ဆိုသူမှာလည်း ကြောက်လန့်ပြီး နှလုံးဖောက်သေဆုံးသွားပါတယ်။
ဒါအပြင် ဂေါ့အင်းရွာ၊ ကြယ်တောင်အနီးမှာ လမ်းသွားလမ်းလာ ကိုဇော်လတ်နဲ့ကိုနေလင်းကိုတို့ကို ထပ်မံပစ်ခတ်ကြောင့် ကိုဇော်လတ်မှာ နေရာတွင် သေဆုံးပြီး ကိုနေလင်းကိုမှာ ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။