အာဏာသိမ်းပြီးနောက်နေရပ်စွန့် ထွက်ပြေးရသူ တစ်သန်းကျော်ရှိ

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီ၁ရက်နေ့၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာရသူ အရေအတွက် ၁ဒဿမ၂ သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
မကြာသေးခင်ကဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်ကအဲဒီလိုဖော်ပြပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ အရေးယူအပြစ်ပေးမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ ၁၀ နှစ်ဆက်တိုက် တိုးလာနေပြီး၊ မှတ်တမ်းပြုစုချိန်ကစလို့ ၂၀၂၁ ခုနှစ်မှာ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း လည်း ဖော်ပြလိုက်ပါတယ်။
ပြည်သူတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အကြမ်းဖက်စစ်အုပ်စုက အစွမ်းကုန်လုပ်ဆောင် နေတာကြောင့် မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာ ဆက်တိုးလာဖို့သာရှိကြောင်း ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးကဆိုပါတယ်။
‘အခုစစ်ကိုင်းနဲ့မကွေးမှာ မေလကတည်းက ရွာတွေဝင်လုယက်မီးရှို့ပြီး စစ်ကြောင်းထိုးနေတာ အခုအချိန်ထိ အပြင်းအထန်ပါပဲ။တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာလည်း မိုးတွင်းလည်း တိုက်ပွဲဆက်ရှိနိုင်တယ်။စစ်တပ်က တိုက်ပွဲဖြစ်ပြီဆို အရပ်သားတွေကိုလည်းမရှောင်ဘဲ လက်နက်ကြီးနဲ့ပစ် နေတော့ အခုသထုံ၊ကျိုက္ကော်နားက ဝီယော်ဘက်မှာဆို ရွာသားတွေ လက်နက်ကြီးရန်ကြောက်ပြီးပြေးနေရ တယ်’လို့ သူကပြောပါတယ်။
၂၀၂၂နှစ်ဆန်းမှာ ရုရှားရဲ့ ကျုးကျော်စစ်ကြောင့် ယူကရိန်းက ထွက်ပြေးရသူတွေ အပါအဝင် ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာရသူ သန်း ၁၀၀ ကျော် ရှိခဲ့ကြောင်း UNHCR အစီရင်ခံစာက ဆိုပါတယ်။