ကျိုက်လတ်က အကြမ်းဖက်စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရ

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်က အကြမ်းဖက်စစ်အုပ်စုခန့် ပျူစောထီးအဖွဲ့ဝင်လည်းဖြစ်တယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၃နာရီ ကျော်ခန့်က ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ ကျိုက်လတ်မြို့နယ် ၊တဲ့တဲ့ကူးကျေးရွာအုပ်စုက ဒေါင့်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းထွန်းဆိုသူဖြစ်ပြီး သေနတ်နဲ့ ၃ချက်ပစ်ခတ်ခံရတဲ့အတွက် နေရာမှာသေဆုံးခဲ့တယ်လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
“သေနတ်ဒဏ်ရာ ၃ချက်နဲ့ ပွဲချင်းပြီး သွားတယ် ရွာလမ်းမှာ အပစ်ခံရတာ”လို့ ဒေါင့်ကြီးရွာခံတစ်ဦးက ပြောပါတယ်။
ဦးအောင်ဆန်းထွန်းဟာ အရင်က ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က အာဏာသိမ်း ပြီးတဲ့နောက် အုပ်ချုပ်ရေးမှူးဖြစ်လာတာလို့ ရွာခံဆီက သိရပါတယ်။
အဲ့ဒီနောက် ဗျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်လာတဲ့အပြင် အကြမ်းဖက်စစ်တပ်နဲ့ ရဲသတင်းပေးလုပ်တဲ့အပြင် ဒေသခံတွေအပေါ် အမျိုးမျိုးဖိနှိပ် အနိုင်ကျင့်နေသူ ဖြစ်တယ်လို့ ဒေသခံအချို့က ပြောဆိုပါတယ်။
“အောင်ဆန်းထွန်းက အကြမ်းဖက်စစ်တပ်ရဲ့ အဓိက ထောက်တိုင်မို့ ရှင်းပစ်ခံရတာ”လို့ ဧရာဝတီတော်လှန်ရေး တပ်ပေါင်းစုအဖွဲ့ဝင် တစ်ဦးပြောကြားပါတယ်။
အခုလို ပစ်ခတ်ရှင်းလင်းမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဖြစ်တဲ့ ဖျာပုံခရိုင်၊ဧရာဗေဒါတပ်ပေါင်း၊ ဗိုလ်ငမန်း ဦးဆောင်တဲ့ ဧရာဝတီ တိုက်ငမန်းပြောက်ကျားတပ်ဖွဲ့နဲ့ ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။