မြောက်ဥက္ကလာပမြို့နယ်က နေရာအချို့မှာ ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ နေရာအချို့မှာ ဇွန် ၁၆ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဟာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်မှာ မြောက်ဥက္ကလာအဝိုင်းမှာတစ်ကြိမ် ၊ မနက် ၁၁နာရီ ခွဲလောက်က မေဓာဝီလမ်းဆုံအနီးမှာ တစ်ကြိမ် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
” ကျွန်တော်သိလိုက်တာကတော့ ၁၁နာရီလောက် မေဓာဝီလမ်းဆုံမှာပေါက်တယ်။ အသံကျယ်တယ်။ ဒါကြောင့်လည်း သိလိုက်ရတာ။မနက် ၅နာရီလောက်ကလည်း အဝိုင်းနားက မီတာရုံးမှာလည်း ဗုံးပေါက်တယ်ကြားတယ် ။ ထုံးစံအတိုင်းပေါ့ ။ အခြေအနေကတော့ ဟိုပိတ်၊ဒီပိတ်ပေါ့။”လို့ မြောက်ဥက္ကလာပမြို့နယ်နေသူ တစ်ဦးက ပြောပါတယ်။
မနက် ၁၀နာရီ ဝန်းကျင်လောက်က မေဓာဝီစျေးလမ်းအနီး စာသင်ကျောင်းနားမှာလည်း ဗုံးလန့်မှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒဂုံမြို့သစ်မြို့နယ်၊(၅၈) ရပ်ကွက်၊ ဧရာဝဏ်လမ်းဘေး ၊ စိုပြေတည်းခိုခန်းအနီး ဒီကနေ့မနက် ၆နာရီဝန်းကျင်မှာ အထုပ်တစ်ထုပ်ချနေတဲ့ အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ်က ခေါ်မေးတဲ့နေရာမှာ ထွက်ပြေးတဲ့အတွက် အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီသိရပါတယ်။
အထုပ်ကိုစစ်ဆေးရာ ဗုံးနှစ်လုံးတွေ့ခဲ့တယ်လို့ ပြည်တွင်းမီဒီယာတချို့က ဖော်ပြထားပါတယ်။