အကြမ်းဖက်စစ်တပ်ဝင်ရောက်မီးရှို့ခဲ့တဲ့ ဆားလင်းကြီးမြို့နယ်၊ လင်းစာကျက်ရွာမှာ ဦးခေါင်းအရိုးစုနှစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ထုတ်ပြန်ပါတယ်။
ဇွန် ၁၂ ရက်နေ့၊ ညနေ ၆ နာရီလောက်မှာ လင်းစာကျက်ရွာကို အကြမ်းဖက်စစ်တပ်ရောက်ရှိလာကာ စာရင်းစာရွက်ကိုင်ပြီး နေရာသုံးနေရာခွဲ မီးရှို့ခဲ့ကြောင်းသိရပါတယ်။
စစ်တပ်မီးရှို့မှုကြောင့် ပြည်သူ့နေအိမ် ၁၁၂ လုံး (အိမ် ထောင်စု ၁၀၉ စု၊ ပြည်သူ ၅၀၀ ကျော်) အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စာသင်ကျောင်းအပါအဝင် ကျေးလက်ဆေးပေးခန်း ၂ လုံးကိုပါမီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
ဦးခေါင်းအရိုးစုနှစ်ခုကို ဒေသခံပြည်သူ ၂ ဦးလို့ ဆိုပေမဲ့ ဘယ်သူလဲဆိုတာ မသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ဒေသခံပြည်သူ ၁၅ ဦးနဲ့လည်း အခုအချိန်ထိ အဆက်အသွယ်ပြတ်တောက် နေကြောင်းသိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ၁၀ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်၊ ငွေသာရွာအတွင်းစခန်းချခဲ့ပြီး နေအိမ် ၄ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကာ ဇွန် ၁၁ ရက်နေ့မှာ လင်းစာကျက်ရွာကို ဆက်လက်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ပုံစာ-မီးရှို့ခံခဲ့ရတဲ့လင်းစာကျက်ရွာ