ကန်ရွာမှာ အကြမ်းဖက်စစ်တပ်က အိမ်နှစ်လုံး မီးရှို့ပြီး ရွာသားတွေကို ခြိမ်းခြောက်

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့၊ာအကြမ်းဖက်စစ်တပ်က နေအိမ်နှစ်လုံးကို မီးရှို့ပြပြီး ရွာသားတွေကို ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
ဇွန်လ ၁၄ရက်နေ့က ကန်ရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရွာထဲက အိမ်နှစ်အိမ်ကို မီးရှို့ခြိမ်းခြောက်ပြီး မီးငြိမ်းဖို့သွားတဲ့သူတွေကိုလည်း သေနတ်နဲ့ ပြန်ပစ်လို့ ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
” အရှို့ခံရတာက ဦးချစ်ဌေးအိမ်နဲ့ ဒေါ်စိန်ဝင်းမေတို့အိမ်ပါ။ ရွာသားတွေ မီးသွားသတ်ဖို့သွားတာ သေနတ်နဲ့ ဆီးပစ်လို့ပြန်ပြေးခဲ့ကြရတာ” လို့ ကန်ရွာဒေသခံတစ်ဦးက ပြောပါတယ်။
” ရွာမှာစခန်းချပြီး ဝင်လိုက်ထွက်လိုက် လုပ်နေကြတုန်း။ ကျနော်တို့အတွက်တော့ လက်တွေ့ငရဲပေါ့ဗျာ။ လိုချင်တာတွေယူပြီးပြီပဲ။ ထွက်သွားစေချင်တာပေါ့ဗျာ” လို့လည်း ကန်ရွာတောင်တိုက်မှ အသက်ခြောက်ဆယ် အမျိုးသားတစ်ဦးကဆိုပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် တုန့်ပြန်ဖို့ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ဒေသPDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
“တော်တော်နဲ့တော့မထွက်လောက်ဘူးထင်တယ်။ ကျနော်တို့လုပ်လို့ရတာတွေရှိပေမယ့် တိုင်ပင်နေတုန်းပါ။ အဓိက က ရွာကိုမီးရိူ့မှာစိုးတာ။ အဲ့ဒီတစ်ခုအတွက် ကျနော်တို့တိုင်ပင်နေကြဆဲပါ။ သူတို့ကနယ်မြေစိုးမိုးချင်တာလေ။ မရပါဘူးဗျ။ ကျနော်တို့ ပြင်ဆင်မှုလုပ်နေလို့ပါ” လို့ဒေသခံ PDF ခေါင်းဆောင်တစ်ဦးကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၂ရက်က အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ကန်ရွာရဲစခန်းကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာကို ရောက်ရှိလာပြီး စခန်းချနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။