အကြမ်းဖက်စစ်တပ်ဟာ ရေစကြိုမြောက်ပိုင်းပြောက်ကျားတပ် (N-YSO) က ရဲဘော် ၅ ဦးကို ဖမ်းဆီးခေါ် ဆောင်သွားပြီးနောက် အရှင်လတ်လတ် မီးရှို့သတ်ခဲ့တယ်လို့သိရပါတယ်။
CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊ အထက်တန်းသူနာပြုဆရာမလေး ဒေါ်ဇာလီနိုင်၊ ထောက်ပို့ရဲဘော်မလေး မသဲအိအိဝင်း၊ CDMကျောင်းဆရာမ ဒေါ်ခင်နှင်းဝေနဲ့ ရဲဘော်ဝူခုန်း တို့ဟာ ဇွန်လ၁၀ ရက်နေ့၊ N-YSO စခန်းကို ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရပြီးနောက် မီးရှို့သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း N-YSO ကဒီကနေ့ထုတ်ပြန်ပါတယ်။
အထက်တန်းသူနာပြုဒေါ်ဇာလီနိုင်ဟာ ရဲဘော်တွေကို ၂၄ နာရီ ဆေးကုသပေးခဲ့သူဖြစ်ပြီး မသဲအိအိဝင်းဟာ အိမ်ထောင်သက် ၇ ရက်သာရှိသေးသူဖြစ်ကာ CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေမှာကိုယ်ဝန် ၅ လနဲ့ဖြစ်ပါတယ်။ ရဲဘော်ဝူခုန်းမှာ သူအသက်မပေးခင် စစ်သား ၁၃ ဦးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့သူလို့ ထုတ်ပြန်ထားပါတယ်။
ဇွန် ၁၀ ရက်နေ့မနက် ၃ နာရီက N-YSO စခန်းကို စစ်တပ်ကစစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး စစ်ကား ၂ စီးကို ပဒေသာမိုင်းအတွဲလိုက်နဲ့ ဆီးကြိုတိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်တစ်ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့ကာ နောက်ကြောင်းပြန်လှည့်ပြေးခဲ့တယ်လို့ သိရပါတယ်။
ကျန်စစ်ကြောင်းတွေက အင်အားအလုံးအရင်းနဲ့ N-YSO စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် သစ်ကြီးတောရွာက ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲဒီနောက်စစ်ကြောင်းပြန်ချီလာချိန် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား ၂ ဉီးထပ်မံသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဆက်လက်ပြီး ဒါန်းပင်ကန်ရွာအတွင်း မီးရှို့ဖျက်ဆီးနေတဲ့စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွာထဲကနေ ဆုတ်ခွာပြေးခဲ့ကြောင်း ဆိုပါတယ်။