ကလေး PDF က မိုင်းတွေဖြုတ်သိမ်းပြီးနောက် စစ်​အုပ်စုက စစ်ကြောင်းတွေဖြန့်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ထိုမာနဲ့နတ်ချောင်းကျေးရွာကြားမှာရှိတဲ့ မိုင်းတွေကို ကလေး PDF က ပြန်လည်ဖြုတ်သိမ်းခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ စစ်ကြောင်းတွေ စဖြန့်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်ကြောင်းကို ဒီကနေ့ မွန်းလွဲ ၃ နာရီလောက်မှာ စဖြန့်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
“ထိုမာတောင်ဘက် သာယာကုန်းအရှေ့မြောက်ဘက် ကျွန်းတောနားမှာ တပ်ဖျောက်နေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒေသခံတွေအနေနဲ့ လုပ်ငန်းခွင် ပြန်ဝင်နိုင်ဖို့အတွက် တပ်ဆင်ထားတဲ့မိုင်းတွေကို ကလေး PDF၊မိုင်းတပ်စုက ပြန်ဖြုတ်သိမ်းပေးခဲ့တယ်လို့ ဇွန် ၁၂ရက်က ထုတ်ပြန်ထားပါတယ်။
စစ်ရေးအရ ထိုမာ၊ သာယာကုန်း၊ ကြာအင်း၊ စည်သာ ၊နတ်မြာင်း၊ နတ်ချောင်း ၊ ချောင်းခွ ၊အောင်ချမ်းသာ ၊ ဟဲလုပ် ကျေးရွာတွေကြား (အနောက်တောင်မှအစ အရှေ့ဘက် မြစ်ကမ်းစပ်အထိ)ထောင်ထားတဲ့ မိုင်းကွင်းတွေအားလုံးကို ဖြုတ်သိမ်းပြီး ဒေသခံတွေအနေနဲ့ လယ်ထွန်တာ၊ကိုင်းခုတ်တာ နဲ့ပေါင်းရှင်းတာတွေကို စိတ်လက်ပေါ့ပါးစွာလုပ်ဆောင်နိုင်အောင် ဖြုတ်သိမ်းပေးခဲ့တာလို့လည်း ဆိုပါတယ်။
ဒါပေမယ့် ထိုမာကနေ နတ်ချောင်းထိ ကျေးရွာတွေအတွင်း တိုက်မိုင်း၊နင်းမိုင်း၊အဝေးထိန်းမိုင်း၊ မိုင်းပဒေသာတွေ ပေါက်ကွဲမှုရှိခဲ့ပါက PDF(kalay) မိုင်းတပ်စုနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ဆိုထားပါတယ်။